
၃၀. ၆. ၂၀၂၅
Translated by Thettant
အမေရိကန်ပြည်ထောင်စု၊ အိုင်ဒါဟိုပြည်နယ်တွင် တောမီးလောင်အောင် မီးတင်ရှို့ပြီး မီးလာငြှိမ်းသည့် မီးသတ်တပ်ဖွဲ့ဝင်သုံးဦးကို စနိုက်ပါဖြင့် ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်သည့် သေနတ်သမားကို အသေဖမ်းမိနောက် မူလက ဒေသခံများကို နေအိမ်တွင်သာ နေထိုင်ရန် အမိန့်ထုတ်ထားရာမှ အဆိုပါအမိန့်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။
တောမီးငြှိမ်းသူ မီးသတ်သမားများကို ပစ်သတ်သည့် ဖြစ်စဉ်မှာ ဇွန်လ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့ပြီး အိုင်ဒါဟိုပြည်နယ်၊ ကိုအာဒါလင်း (Coeur d’Alene) မြို့ပြင်ဘက်ရှိ လူကြိုက်များသော တောင်တက်နေရာဖြစ်သည့် Canfield Mountain တွင် စနိုက်ပါသမား၏ အလောင်းကို တွေ့ရှိခဲ့ခြင်းသည် ဒေသခံ၊ ပြည်နယ်နှင့် ဖက်ဒရယ်အရာရှိ ၃၀၀ ခန့် အဆိုပါဧရိယာသို့ စုဝေးခဲ့ရသည့် ခြောက်နာရီကြာ ပြင်းထန်သော လှုပ်ရှားမှုများ၏ အထွတ်အထိပ်ဖြစ်သည်။ ယင်းဖြစ်စဉ်သည် ရဲတပ်ဖွဲ့က အမည်မဖော်ပြသေးသော သံသယရှိသူတစ်ဦးမှ ဇွန်လ ၂၉ ရက် မွန်းလွဲပိုင်းတွင် မီးရှို့ခဲ့ပြီးနောက် ယင်းမီးကို ငြှိမ်းသတ်ရန် ရောက်ရှိလာသော မီးသတ်သမားများကို ပစ်ခတ်ရာမှ စတင်ခဲ့သည်။ ထိုဖြစ်စဉ်အတွင်း မီးသတ်သမားနှစ်ဦးသည် ဆေးရုံအရောက်သေဆုံးခဲ့ပြီး တတိယမြောက် မီးသတ်သမားတစ်ဦးလည်း သေနတ်ထိမှန်ခဲ့သော်လည်း ခွဲစိတ်ကုသမှု ခံယူခဲ့ကာ အခြေအနေ တည်ငြိမ်လာနေပြီ ဖြစ်ကြောင်း ကူတီနိုင်းကောင်တီမှ ရဲအရာရှိ ဘော့ နောရစ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ဒါဟာ လုံးဝကို ချုံခိုတိုက်ခိုက်မှုပါ။ ဒီမီးသတ်သမားတွေမှာ တုံ့ပြန်ဖို့ ဘာအခွင့်အရေးမှ မရှိခဲ့ပါဘူး။”ဟု နောရစ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
အာဏာပိုင်များသည် လက်ဖြောင့်သေနတ်သမား၏ အလောင်းနှင့် အနီးနားရှိ သေနတ်တစ်လက်ကို ဆဲလ်ဖုန်းတည်နေရာဒေတာ အသုံးပြု၍ ရှာဖွေတွေ့ရှိခဲ့ကြောင်း နောရစ်က ပြောကြားခဲ့သည်။ သံသယရှိသူ မည်ကဲ့သို့ သေဆုံးခဲ့သည်မှာ ရှင်းလင်းမှုမရှိသေးသော်လည်း ပစ်ခတ်မှုကို တုံ့ပြန်ခဲ့သည့် တရားဥပဒေစိုးမိုးရေးအဖွဲ့နှင့် ၎င်းတို့သည် သေနတ်ချင်း အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း နောရစ်က ဆိုသည်။ ထို့အပြင် သေနတ်သမားကို အချိန် ခြောက်နာရီခန့်ကြာ ရှာဖွေစဉ်က ကိုယ်အပူချိန်ကို ထောက်လှမ်းရှာဖွေနိုင်သည့် ရဟတ်ယာဉ်များကိုလည်း အသုံးပြုခဲ့ရသည်ဟု သိရသည်။

စုံစမ်းစစ်ဆေးသူများက သေနတ်သမား၏ ရည်ရွယ်ချက်ကို ရှာဖွေနေချိန်တွင် မီးသတ်သမားများသည် တနင်္ဂနွေနေ့ ညနှောင်းပိုင်းတွင် ဧက ၂၀ အထိ ကျယ်ပြန့်လာသည့် မီးကို ဆက်လက်ငြှိမ်းသတ်နေကြသည်ဟု နောရစ်က ပြောကြားခဲ့သည်။ စုံစမ်းစစ်ဆေးသူများက ဧရိယာကို ပိုမိုစေ့စပ်သေချာစွာ ရှာဖွေခြင်းမပြုမီ မီးသတ်သမားများသည် မီးကို ထိန်းချုပ်ရန် တစ်ညလုံး အလုပ်လုပ်ရဦးမည်ဖြစ်သည်။ တောင်ထူထပ်သော ဤဒေသတွင် နောက်ထပ်လက်နက်များ တွေ့ရှိရဦးမည်ဟု ၎င်းက ယုံကြည်ကြောင်း နောရစ်က ပြောကြားခဲ့သည်။

အာဏာပိုင်များက တိုက်ခိုက်မှုတွင် သေဆုံးခဲ့ရသူနှစ်ဦးနှင့် ဒဏ်ရာရရှိခဲ့သော မီးသတ်သမားများအကြောင်းကို လူသိရှင်ကြား ဖော်ထုတ်ခြင်းမရှိသေးပေ။ နောရစ်ကမူ သေဆုံးသူ မီးသတ်သမားတစ်ဦးသည် Kootenai County Fire and Rescue တွင် အလုပ်လုပ်ပြီး အခြားတစ်ဦးမှာ Coeur D’Alene မီးသတ်ဌာနမှဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ ပစ်ခတ်မှုတွင် ဒဏ်ရာရရှိခဲ့သော မီးသတ်သမားမှာလည်း Coeur D’Alene မီးသတ်ဌာနမှပင် ဖြစ်သည်။ တနင်္ဂနွေနေ့ညတွင် ပစ်ခတ်ခံရသည့် သေဆုံးသူ မီးသတ်သမားများအတွက် စီတန်းလှည့်လည် ဂါရဝပြုခဲ့ကြောင်း နောရစ်က ဆက်လက် ပြောကြားခဲ့သည်။
Ref, USA Today
