
၂၈. ၆. ၂၀၂၅
Translated by Thettant
အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ကျွန်းနိုင်ငံတစ်ခုဖြစ်သော မောရစ်ရှပ်စ်တွင် နိုင်ငံ၏ လေဆိပ်သို့ ဆင်းသက်ပြီးနောက် ဖမ်းဆီးခံရသူ ရှစ်ဦးအဖွဲ့တွင် ပါဝင်ခဲ့သည့် ခြောက်နှစ်အရွယ် ဗြိတိန်ကလေးငယ်တစ်ဦးကို မူးယစ်ဆေးဝါး ပေါင် ၁ ဒသမ ၆ သန်းတန်ဖိုးရှိ ပစ္စည်းများကို နယ်စပ်ဖြတ်ကျော်ရန် ကြိုးပမ်းမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ ၂၂ ရက် တနင်္ဂနွေနေ့က မောရစ်ရှပ်စ်နိုင်ငံ ပလိန် မက်ဂနီယန် (Plaine Magnien) ရှိ ဆာ ဆီးဝူဆာဂူ ရမ်ဂူးလမ်း (Sir Seewoosagur Ramgoolam) လေဆိပ်သို့ လေယာဉ်ဆင်းသက်ပြီးနောက် ဖမ်းဆီးခံရသူ ရှစ်ဦးအဖွဲ့တွင် အဆိုပါ ဗြိတိန်ကလေးငယ်ပါ ပါဝင်ခဲ့ခြင်းဖြစ်သည်။
စုစုပေါင်း ၁၆၁ ကီလိုဂရမ်ရှိ ဆေးခြောက်များကို ဖမ်းဆီးခံရသူရှစ်ဦးတို့၏ ခရီးဆောင်အိတ်များထဲတွင် တွေ့ရှိခဲ့ရပြီး ကလေးငယ်၏ အိတ်ထဲတွင် ၁၄ ကီလိုဂရမ် တွေ့ရှိခဲ့ရသည်။ နိုင်ငံခြားတွင် မူးယစ်ဆေးမှောင်ခိုကူးမှုဖြင့် ဖမ်းဆီးခံရသော ဗြိတိန်နိုင်ငံသားများ၏ နောက်ထပ်ဖြစ်ရပ်တစ်ခုဖြစ်၍ အကောက်ခွန်အရာရှိများ အံ့အားသင့်ခဲ့ကြသည်။
Daily Mail သတင်းစာ၏ ဖော်ပြချက်အရ အိတ်ဆောင်ပစ္စည်းများကြားတွင် နံပါတ်တပ်ထားသော Apple AirTag ၁၁ ခုကိုလည်း တွေ့ရှိခဲ့ရသည်။ The Sun သတင်းစာအဆိုပါအရ ဖမ်းဆီးခံရသူများတွင် ဗြိတိန်ကလေးငယ်အပြင် ဗြိတိန်နိုင်ငံသားအရွယ်ရောက်ပြီးသူ ခြောက်ဦးနှင့် ဗြိတိန်တွင် နေထိုင်သည့် ရိုမေးနီးယားနိုင်ငံသားတစ်ဦးတို့ ပါဝင်သည်။
မောရစ်ရှပ်စ်အာဏာပိုင်များက ကလေးငယ်ကို မူးယစ်ဆေးမှောင်ခိုကူးရာတွင် အသုံးပြုခြင်းသည် ‘လူမဆန်’ ကြောင်း ပြောဆိုပြီးနောက် ဗုဒ္ဓဟူးနေ့ (ဇွန်လ ၂၅ ရက်) တွင် ကလေးငယ်၏ဖခင်သည် ကလေးကို ဗြိတိန်သို့ ပြန်ခေါ်ရန် မောရစ်ရှပ်စ်သို့ လေယာဉ်ဖြင့် လာရောက်ခဲ့ကြောင်း သိရသည်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ကျွန်ုပ်တို့သည် မောရစ်ရှပ်စ်တွင် ဖမ်းဆီးခံထားရသော ဗြိတိန်နိုင်ငံသားများစွာကို ကူညီပံ့ပိုးပေးနေပြီး ဒေသဆိုင်ရာ အာဏာပိုင်များနှင့်လည်း ဆက်သွယ်ဆောင်ရွက်နေပါသည်” ဟု ပြောကြားခဲ့သည်။
ဤဖမ်းဆီးမှုသည် ဗြိတိန်နိုင်ငံသား မူးယစ်ဆေးမှောင်ခိုသမားများ အဖမ်းခံရသည့် နောက်ဆုံးဖြစ်ရပ်များထဲမှ တစ်ခုဖြစ်သည်။ ကျွမ်းကျင်သူများကမူ လူများသည် နယ်စပ်ဖြတ်ကျော်၍ မူးယစ်ဆေးဝါးများ သို့မဟုတ် အမျိုးအမည်မသိသောအထုပ်များကို မှောင်ခိုကူးပါက အခမဲ့အားလပ်ရက်လည်ပတ်ခွင့် အပါအဝင် ‘အကျိုးအမြတ်များသော ကမ်းလှမ်းချက်’ များဖြင့် သွေးဆောင်ခံရခြင်းကြောင့် ယခုကဲ့သို့ မှောင်ခိုလုပ်ငန်းတွင် ပါဝင်လာကြကြောင်း ပြောကြားခဲ့သည်။
Ref, LAD Bible
