
၂၈ . ၆. ၂၀၂၅
Translated by Thettant
ပါကစ္စတန်တာလီဘန်၏ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော ဟာဖစ် ဂူလ် ဗဟာဒူး (Hafiz Gul Bahadur) လက်နက်ကိုင်အဖွဲ့၏ ယနေ့နေ့လယ်ပိုင်းက အသေခံဗုံးခွဲတိုက်ခိုက်မှု တစ်ခုကြောင့် ပါကစ္စတန်စစ်သား ၁၆ ဦး သေဆုံးခဲ့ပြီး အရပ်သားများ၊ ဒေသဆိုင်ရာ အစိုးရအရာရှိများနှင့် ရဲအရာရှိများအပါအဝင် လူနှစ်ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အသေခံတိုက်ခိုက်မှုသည် အာဖဂန်နစ္စတန်နိုင်ငံ၏ နယ်စပ် ခိုင်ဘာ ပက်ခ်တွန်ခ်ဝါ (Khyber Pakhtunkhwa) ပြည်နယ်၊ မြောက် ဝါဇီရစ္စတန် (North Waziristan) ခရိုင်တွင် ယနေ့ ဇွန်လ ၂၈ ရက် နေ့လယ်ပိုင်းထမင်းစားချိန်ခန့်က ဖြစ်ပွားခဲ့ပြီး အမည်မဖော်လိုသည့် ဒေသဆိုင်ရာ အစိုးရအရာရှိတစ်ဦးကမူ “အသေခံဗုံးခွဲသမားတစ်ဦးသည် ပေါက်ကွဲပစ္စည်းများ တင်ဆောင်ထားသော ယာဉ်ဖြင့် စစ်ယာဉ်တန်းကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်” ဟု ပြောကြားခဲ့သည်။ ကနဦးတွင် သေဆုံးသူ ၁၃ ဦးသာရှိခဲ့ရာမှ လက်ရှိအချိန်တွင် သေဆုံးသည့် စစ်သား ၁၆ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုတိုက်ခိုက်မှုအတွင်း စစ်သား ၁၆ ဦးသေဆုံးမှုအပြင် စစ်သား ၈ ဦး ဒဏ်ရာရကာ ဒဏ်ရာရပြည်သူ ၂၅ ဦးအထိ ရှိခဲ့ပြီး အဆိုပါခရိုင်တွင် တာဝန်ကျနေသော ရဲအရာရှိတစ်ဦးကလည်း “ပေါက်ကွဲမှုကြောင့် နေအိမ်နှစ်လုံးရဲ့ ခေါင်မိုးတွေ ပြိုကျခဲ့ပြီး ကလေးငယ် ခြောက်ဦး ဒဏ်ရာရခဲ့ပါတယ်” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကို ပါကစ္စတန် တာလီဘန်၏ အဖွဲ့ခွဲတစ်ခုဖြစ်သော ဟာဖစ် ဂူလ် ဘဟာဒူး လက်နက်ကိုင်အဖွဲ့၏ အသေခံဗုံးခွဲတိုက်ခိုက်ရေးတပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။
၂၀၂၁ ခုနှစ်တွင် အာဖဂန်နစ္စတန်၌ တာလီဘန်တို့ အာဏာပြန်ရရှိပြီးနောက်ပိုင်း ပါကစ္စတန်သည် အာဖဂန်နစ္စတန်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဒေသများတွင် အကြမ်းဖက်မှုများ သိသိသာသာ မြင့်တက်လာသည်ကို တွေ့ကြုံခဲ့ရသည်။ ပါကစ္စတန်အစိုးရက ၎င်းတို့၏ အနောက်ဘက်အိမ်နီးချင်းနိုင်ငံ အာဖဂန်နစ္စတန်သည် ပါကစ္စတန်အား တိုက်ခိုက်ရန် ၎င်းတို့၏ နယ်မြေကို အသုံးပြုခွင့်ပေးနေသည်ဟု စွပ်စွဲထားသော်လည်း တာလီဘန်အစိုးရကမူ ငြင်းဆိုထားသည်။
ပြင်သစ်သတင်းအေဂျင်စီ (Agence France-Presse) ၏ စာရင်းဇယားများအရ ယခုနှစ်အစောပိုင်းမှစ၍ ခိုင်ဘာ ပက်ခ်တွန်ခ်ဝါနှင့် ဘာလိုချိစ္စတန်ပြည်နယ်နှစ်ခုစလုံးတွင် အစိုးရကို တိုက်ခိုက်နေသော လက်နက်ကိုင်အဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် လူပေါင်း ၂၉၀ ခန့် သေဆုံးခဲ့ပြီး အများစုမှာ လုံခြုံရေးအရာရှိများ ဖြစ်ကြသည်။
Ref . AFP & AP
