◾ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က ကမ္ဘောဒီးယားတွင် ဘန်ကောက်ထိရောက်အောင်ပစ်နိုင်သော လက်နက်များရှိဟု ခြိမ်းခြောက်
၂၈.၆.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုကြောင့် တင်းမာနေကြချိန်မှာပဲ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း၊ လက်ရှအထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်နဲ့ ဖုန်းပြောမှုပေါက်ကြားလာအပြီးမှာ ထိုင်းဝန်ကြီးချုပ် ပေတုံတန်ကို ရာထူးမှထွက်ဖို့ တောင်းဆိုဆန္ဒပြမှုတွေက ဇွန်လ ၂၈ ရက်မှာလည်း ဘန်ကောက်မြို့မှာဆက်လက်ဖြစ်ပွားနေပါတယ်။
ဒါက ၂၀၂၃ ခုနှစ်မှာ ဖျူထိုင်းပါတီအာဏာရပြီးတဲ့နောက် အကြီးမားဆုံးသော လူထုလှုပ်ရှားမှုကြီးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဆန္ဒပြသမားတွေက ဘန်ကောက်မြို့အတွင်း နံနက်ပိုင်းထဲက စုဝေးခဲ့ကြပြီး Victory Monument ကျောက်တိုင်ဘေးက ချီတက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ပေတုံတန်ကတော့ “ကျွန်မအနေနဲ့ဆန္ဒပြမှုတွေအပေါ် စိုးရိမ်မှုမရှိပါဘူး။ ဒါက ပြည်သူတွေရဲ့ အခွင့်အရေးပါ။ ဒါကို ကျွန်မက တုံ့ပြန်နှိမ်နင်းမှာလည်းမဟုတ်ဘူး” လို့ ပြောခဲ့ပါတယ်။
ဒီလို ပြည်တွင်းမှာအကျပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာပဲ ထိုင်းနိုင်ငံနဲ့ ဆက်ဆံရေးတင်းမာနေတဲ့ အိမ်နီးချင်းကမ္ဘောဒီးယားနိုင်ငံမှ အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်က ကမ္ဘောဒီးယားအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အခွင့်အရေးရှိပြီး ကမ္ဘောဒီးယားပိုင်နက်နယ်မြေကို သိမ်းပိုက်ဖို့ရည်ရွယ်ချက်နဲ့ ကျူးကျော်လာခဲ့ရင်လက်တုံ့ပြန်သွားမယ်လို့ ထိုင်းအစိုးရကို ဇွန်လ ၂၇ ရက်က သတိပေးပြောကြားခဲ့ပါတယ်။ ဟွန်ဆန်က ကမ္ဘောဒီးယားမှာ ဘန်ကောက်အထိရောက်နိုင်တဲ့ လက်နက်တွေပိုင်ဆိုင်ထားပေမယ့် အမျိုးသားကာကွယ်ရေးအတွက်ပဲ ဦးစားပေးပြီး ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိပါဘူးလို့လည်း ပြောခဲ့ပါတယ်။
မေလ ၂၈ ရက်က ဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုကြောင့် နှစ်ဖက်တပ်ဖွဲ့တွေ ပစ်ခတ်ခဲ့ကြရာမှာ ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့တာကစလို့ နှစ်နိုင်ငံဆက်ဆံရေး တင်းမာခဲ့ရတာပါ။ ဟွန်ဆန်ကကမ္ဘောဒီးယားအနေနဲ့ ဘန်ကောက်အထိ ပစ်ခတ်နိုင်တဲ့လက်နက်တွေရှိပေမယ့် ဒီလိုပြုလုပ်ဖို့ မရည်ရွယ်သေးပါဘူး။ ဒါပေမယ့် နိုင်ငံကိုကျူးကျော်လာသမျှ ပြန်လည်တိုက်ခိုက်သွားမယ်လို့ အလေးထားပြောခဲ့ပါတယ်။
ကမ္ဘာ့နိုင်ငံ ၁၄၅ နိုင်ငံမှာ ထိုင်းစစ်အင်အားက အဆင့် ၂၅ ရှိပြီး ကမ္ဘောဒီးယားက အဆင့် ၉၅ မှာပဲ ရှိပါတယ်။ စစ်ရေးအင်အားအရ ထိုင်းနိုင်ငံက အဖက်ဖက်သာပေမယ့် ဒုံးကျည်ပစ်လွှတ်တဲ့လက်နက်ပစ်စင်တွေမှာတော့ ကမ္ဘောဒီးယားက ၄၆၃ ခု၊ ထိုင်းနိုင်ငံက ၂၆ ခုပဲရှိတော့ ဟွန်ဆန်က ဒီအချက်ကို အပေါ်စီးယူပြောနေတာလို့ ယူဆရပါတယ်။
Ref-Khmer Times, Khaosod



