၂၈.၆.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရန့်က အီရန်ခေါင်းဆောင် အရာတိုလာ ခါမေနီကို လုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားနေကြမှုကနေ သူက ကယ်တင်ပေးခဲ့ပေမယ့် အီရန်က နျူကလီးယားလက်နက်ပိုင်ဆိုင်ရေး ဆက်လက်ကြိုးပမ်းနေဦးမယ်ဆိုရင် ဒီကျေးဇူးကန်းမှုအတွက် အီရန်ကို ထပ်မံဗုံးကြဲဖို့ အမိန့်ပေးရလိမ့်မယ်လို့ ဇွန်လ ၂၇ ရက်မှာ သတိပေးပြောကြားခဲ့ပါတယ်။
Truth Social လူမှုကွန်ရက်ပေါ်မှာ ထရန့်က အစ္စရေးနဲ့စစ်ပွဲမှာ အနိုင်ရခဲ့တယ်လို့ အီရန်အစိုးရရဲ့ ပြောကြားမှုအတွက် ဒေါသထွက်ပေါက်ကွဲခဲ့ပြီး သူ့အနေနဲ့ ဖြစ်နိုင်ခြေရှိတဲ့ ပိတ်ဆို့မှုလျှော့ပေါ့ဖို့ ဆောင်ရွက်ချက်တွေ ရပ်ဆိုင်းထားတယ်လို့လည်း ပြောခဲ့ပါတယ်။
ဇွန်လ ၁၃ ရက်က စတင်ခဲ့တဲ့ ၁၂ ရက်ကြာ အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေအတွင်း သေဆုံးခဲ့တဲ့ အီရန် နျူကလီးယားသိပ္ပံပညာရှင်တွေနဲ့တပ်မှူးတွေ အယောက် ၆၀ အတွက် နိုင်ငံတော် ဈာပနအခမ်းအနား ကျင်းပဖို့ အီရန်ကကြိုတင်ပြင်ဆင်နေချိန်မှာပဲ ထရန့်ကလည်း ခုလိုပြောကြားခဲ့တာပါ။
အီရန်က သေဆုံးခဲ့ရတဲ့ သိပ္ပံပညာရှင်တွေက စစ်ပွဲမှာ အစ္စရေးတို့ရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အီရန်နိုင်ငံသား အရပ်သား အနည်းဆုံး ၆၂၇ ဦးမှာ ပါဝင်တယ်ဆိုတာ ပြောခဲ့ပါတယ်။
ထရန့်က အီရန်အနေနဲ့ စစ်ရေးအသုံးပြုမှုအဆင့်ထိရောက်အောင် ယူရေနီယံကို သန့်စင်နိုင်တယ်လို့ ထောက်လှမ်းရေးသတင်းတွေအရ သိခဲ့ရရင် တစ်စုံတစ်ရာမေးမြန်းမှုမပြုဘဲ ထပ်မံဗုံးကြဲတိုက်ခိုက်မယ်လို့ သတိပေးခြိမ်းခြောက်ခဲ့တာပါ။ အီရန်ဘက်ကတော့ နျူကလီးယားလက်နက်ပိုင်ဆိုင်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ တစ်သမတ်တည်း ငြင်းဆိုလာတာပါ။
အီရန်နိုင်ငံအကြီးအကဲ ခါမေနီက အီရန်ရဲ့နျူကလီးယားအဆောက်အအုံတွေကို အမေရိကန်က ဗုံးကြဲတိုက်ခိုက်အပြီး အမေရိကန်အနေနဲ့ ထိခိုက်မှုတွေကို ချဲ့ကားပြောဆိုနေတာသာ ဖြစ်တယ်လို့ ပြောဆိုခဲ့တဲ့အခါမှာတော့ ထရန့်က အီရန်ခေါင်းဆောင်ကို ကျေးဇူးကန်းတယ်လို့ ပြောကြားခဲ့တာပါ။ ထရန့်က “အခုအခါမှာ ခါမေနီ ဘယ်မှာရှိနေတယ်ဆိုတာ ကျွန်တော်သိတာပေါ့။ ဒါပေမယ့် အစ္စရေးကိုရော အမေရိကန်တပ်ဖွဲ့တွေကိုရော တိုက်ခိုက်ခွင့် ကျွန်တော်မပေးခဲ့ဘူး။ကျွန်တော် သူ့အသက်ကို ကယ်ခဲ့တာပါ။ ဒါကို သူက သမ္မတကြီးခင်ဗျား ကျေးဇူးတင်ပါတယ်လို့ ပြောရမယ့်အစား ကျေးဇူးကန်းတယ်”လို့ ဆိုခဲ့ပါတယ်။
ဒါ့ပြင် ထရန့်က ပြီးခဲ့တဲ့ရက်တွေမှာ သူက အီရန်အစိုးရရဲ့ တောင်းဆိုချက်တစ်ခုဖြစ်တဲ့ အီရန်အပေါ် ပိတ်ဆို့မှုတွေက ဖြစ်နိုင်ဖွယ်ရှိတဲ့ဖယ်ရှားမှုတွေအတွက် ဆောင်ရွက်နေတာလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒေါသ၊ မုန်းတီးမှုနဲ့ စက်ဆုပ်ရွံရှာမှုတွေနဲ့ ပြည့်နေတဲ့ အီရန်အစိုးရရဲ့ ကြေညာချက်ကို ရခဲ့ပြီးတဲ့နောက် ဒီဆောင်ရွက်မှုကို ရပ်တန့်ခဲ့ပြီလို့ ထရန့်က ပြောခဲ့ပါတယ်။
ထရန့်က နောက်အပတ်အတွင်း အီရန်နဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေ ပြန်စမယ်လို့ပြောခဲ့ပေမယ့် အီရန်အစိုးရကလည်း အမေရိကန်နဲ့ နျူကလီးယားညှိနှိုင်းဆွေးနွေးပွဲမလုပ်နိုင်ဘူးလို့ ကြေညာထားပါတယ်။ နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီမှ ညွှန်ကြားရေးမှူး ရာဖေးလ် ဂရို့ဆီရဲ့ အစ္စရေးနဲ့ အမေရိကန်တို့ တိုက်ခိုက်ခဲ့တဲ့ အီရန်နိုင်ငံမှ နျူကလီးယားအဆောက်အအုံတွေကို လာရောက်ကြည့်ရှုဖို့ ဇွန်လ ၂၇ ရက်က တောင်းဆိုချက်ကိုလည်း အီရန်အစိုးရက အပုပ်ချပြောကြားချင်တဲ့ရည်ရွယ်ချက်နဲ့မို့ လက်မခံနိုင်ဘူးလို့ ငြင်းခဲ့ပါတယ်။
Ref- AFP
