၂၇. ၆. ၂၀၂၅
Written by Nyein Kyaw
ယခုမိုးစပါးရာသီအတွက် လိုအပ်သည့် သွင်းအားစုများကို လိုင်စင်ရရှိပြီးသောကုမ္ပဏီများ အမြန်တင်သွင်းရန်နှင့် မတင်သွင်းနိုင်သည့်ကုမ္ပဏီများကို အရေးယူသွားမည်ဖြစ်ကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယမန်နေ့က ပြုလုပ်သည့်သည့် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ အစည်းအဝေးတွင် ပြောကြားသည်။
ယခုဘဏ္ဍာနှစ်တွင် တင်သွင်းရန်ကျန်ရှိသော မြေဩဇာနှင့် ပိုးသတ်ဆေးတန်ချိန်များကို ဆက်လက်စိစစ်ထောက်ခံပေးသွားမည်ဖြစ်ကြောင်း၊ ယခုမိုးစပါးရာသီအတွက် သွင်းအားစုလိုအပ်ချက်များ လုံလောက်ရေးအတွက် လိုင်စင်ရရှိပြီးသောကုမ္ပဏီများ အမြန်တင်သွင်းရန်လိုအပ်ကြောင်း၊ သတ်မှတ်တန်ချိန်အမီ မတင်သွင်းနိုင်သည့် ကုမ္ပဏီများကို အရေးယူနိုင်ရေး ယခုအစည်းအဝေးတွင် ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ရည်ညွှန်းဈေးနှုန်းထုတ်ပြန်ပေးမှုအနေဖြင့် သတ်မှတ်ကာလပြည့်ပြီဖြစ်၍ ထပ်မံသတ်မှတ်ပေးရမည်ဖြစ်ကြောင်း၊ ယခုလက်ရှိ နိုင်ငံတကာတွင် ဖြစ်ပွားနေသည့် အခြေအနေများကြောင့် မြေဩဇာဈေးနှုန်းများ မြင့်တက်နေပြီး ပြည်တွင်းသုံးစွဲသူ တောင်သူများအတွက် သင့်တင့်မျှတသော ဈေးနှုန်းဖြစ်စေရေး စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်၍ ယခုအစည်းအဝေးတွင် မြေဩဇာအသင်းကတင်ပြသော ရည်ညွှန်းဈေးနှုန်းများအပေါ် ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
တစ်ဖက်တွင်လည်း တောင်သူများ အဆင်ပြေစေရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စုစုပေါင်းစိုက်ပျိုးဧက ၅ ဒသမ ၀၈၉ သန်းအတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၆၈၈ ဒသမ ၁၁၂ ဘီလျံအထိ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ယခု ၂၀၂၅ မိုးရာသီစိုက်ပျိုးသီးနှံ ဧကပေါင်း ၃ ဒသမ ၇၆၅ သန်းအတွက် ကျပ် ၅၃၈ ဒသမ ၂၁၃ ဘီလျံ ထုတ်ချေးပေးမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ဖြေကြားထားသည်။
