ပုံစာ။ PSLF/ TNLA က ထုတ်ပြန်ထားသော မိုးကုတ်တွင် ဓားပြတိုက်နေသည့် TNLA ဓားပြများ ဖမ်းမိမှုဖြစ်စဥ်မြင်ကွင်း။
၂၇. ၆. ၂၀၂၅
Written by Nay Moe
ပြီးခဲ့တဲ့နှစ်ထဲမှာ NUG ကာကွယ်ရေးဝန်ကြီးအောက်က လက်နက်ကိုင် PDF ဓားပြတွေကို NUG ပြည်ထဲရေးဝန်ကြီးအောက်က PDF ရဲတွေက ပစ်ခတ်၊ ဖမ်းဆီးကြတဲ့ မုံရွာကဖြစ်စဥ်မျိုးလိုပဲ မနေ့က မိုးကုတ်မှာလည်း TNLA လက်နက်ကိုင်ဝတ်စုံဝတ် ဓားပြတွေကို TNLA ရဲက ပစ်ခတ်ဖမ်းဆီးရာမှာ ဓားပြ TNLA ဘက်က နှစ်ယောက်သေပြီး ရဲ TNLA ဘက်က တစ်ဦးသေကာ လုယက်ထားတဲ့ ကျောက်သံပတ္တမြားတွေနဲ့ TNLA ဓားပြနှစ်ဦး ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်က TNLA နယ်မြေလုယက်ချုပ်ကိုင်ထားတဲ့ မိုးကုတ်မြို့အရှေ့ပိုင်း၊ ရေလယ်ကျွန်းအနီးမှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည်ရဲတပ်ဖွဲ့က ဓားပြတိုက်နေတဲ့အဖွဲ့ကို လိုက်လံဖမ်းဆီးရာမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် ဓားပြအဖွဲ့က (၂)ဦး သေဆုံးခဲ့ပြီး (၂)ဦး ဖမ်းဆီးရမိခဲ့တာပါ။
ဖြစ်စဉ်မှာ ဇွန်လ (၂၆)ရက် နံနက် ၂ နာရီအချိန် ဓားပြအဖွဲ့နေထိုင်တဲ့နေအိမ်ကို TNLA က ခရိုင်ရဲတပ်ဖွဲ့နဲ့ မြို့နယ်ရဲတပ်ဖွဲ့တို့က ဖမ်းဆီးဖို့လုပ်ဆောင်နေချိန် အဲဒီဓားပြတွေက ပစ္စတိုသေနတ်နဲ့ ပစ်ခတ်တဲ့အပြင် လက်ပစ်ဗုံး (၃)လုံးနဲ့လည်း ပစ်ခတ်ခဲ့တာပါ။
အဲဒီနောက်မှာ TNLA ရဲတပ်ဖွဲ့နဲ့ ဓါးပြအဖွဲ့တို့က (၄)ကြိမ်တိုင်တိုင် အပြန်အလှန်ပစ်ခတ်ခဲ့ရာမှာ မင်းနိုင်(ခ)ရှိုန်းခန့်နောင်နဲ့ ဦးစံအေးဆိုသူတို့ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့ပြီး သန့်စင်ထွန်း(ခ)လျှောက်ပုနဲ့ ကျော်ဇင်သန့်(ခ)ပြူးကြီးတို့ကို ဖမ်းဆီးနိုင်ခဲ့တာပါ။
ဖမ်းမိတဲ့ ဓားပြအဖွဲ့တွေကလည်း TNLA ဝတ်စုံဝတ်ဓားပြတွေဖြစ်နေပြီး သူတို့ဆီက PSLF/TNLA ဝတ်စုံတစ်စုံ၊ ပစ္စတိုသေနတ်အစစ် (၁)လက်နဲ့ အတု (၃)လက်၊ လေသေနတ် (၁)လက်၊ ကျည် (၅၁) တောင့်၊ လက်ပစ်ဗုံး (၁)လုံး၊ ငွေသားသိန်း (၁၄၀)ကျော်၊ ရွှေ၊ လက်စွပ် (၂)ကွင်း၊ ပတ္တမြားနားကပ် (၁)စုံ၊ ပတ္တမြား၊ နီလာမျိုးစုံ၊ ကျောက်မျိုးစုံ၊ ဖုန်း (၆)လုံး၊ ဆိုင်ကယ် (၃)စီး၊ ဓားများစွာ စတဲ့ဖောက်ထွင်းရေးပစ္စည်းများစွာနဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။
အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေစဉ်အတွင်း PSLF/TNLA တအာင်းပြည်ရဲတပ်ဖွဲ့က ရဲတပ်သားတစ်ဦးလည်း သေဆုံးခဲ့တယ်လို့လည်း TNLA က ထုတ်ပြန်ပါတယ်။
ဒီဖြစ်ရပ်မှာ သေဆုံးသွားတဲ့ TNLA ဓားပြတွေကို တအာင်း TNLA လက်နက်ကိုင်ဟန်ဆောင်တဲ့ဓားပြတွေလို့ TNLA ထောက်ခံတဲ့ မီဒီယာတွေက ဖုံးဖိရေးသားထုတ်ပြန်နေပေမဲ့ PSLF/TNLA ထုတ်ပြန်ချက်မူရင်းမှာတော့ TNLA ဓားပြတွေကို TNLA လက်နက်ကိုင်ဟန်ဆောင်သူလို့ တစ်လုံးတစ်ပါဒမှ ဖော်ပြထားခြင်းမရှိတာကို MT News က တွေ့ရှိရပါတယ်။
ပုံစာ။ PSLF/ TNLA က ထုတ်ပြန်ထားသော မိုးကုတ်တွင် ဓားပြတိုက်နေသည့် TNLA ဓားပြများ ဖမ်းမိမှုဖြစ်စဥ်မြင်ကွင်း။

