၂၃. ၆. ၂၀၂၅
Written by Nyein Kyaw
ငလျင်ဒဏ်သင့် အဆောက်အဦများအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခဲ့ရာ ယမန်နေ့အထိ အသက်ရှင်သူ ၆၅၃ ဦး ကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၈၃၆ ဦး ရှာဖွေပေးနိုင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) သတင်းထုတ်ပြန်ရေးအဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီးနှင့် ပြည်နယ် (၆) ခုတို့တွင် ဇွန်လ ၂၂ ရက်(ယမန်နေ့)အထိ သေဆုံးသူ ၃,၇၅၈ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅,၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၄၈ ဦး ရှိကြောင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် လိုအပ်သည့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆောက်အဦများအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခဲ့ရာ ဇွန်လ ၂၂ ရက် (ယမန်နေ့) အထိ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၈၃၆ ဦးအား ရှာဖွေပေးနိုင်ခဲ့ကြောင်း သိရသည်။
ငလျင်ဘေးဒဏ်သင့် ပြည်သူများသို့ ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်အလှူရှင်များက ငွေနှင့်အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းမှုများအတွက်လည်း ဆက်လက်ပြီး သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။



