

၂၂. ၆. ၂၀၂၅
Written by Nay Moe
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့ပေါ်က စားသောက်ဆိုင်တစ်ဆိုင်မှာ မိတ္ထီလာ အမှတ် (၁) တပ်မတော် အကြီးစားစက်ရုံက တပ်ကြပ်ကြီး အောင်ဝင်းကို (ကိုယ်ပိုင်အမှတ်-တ/၄၈၃၂၄၃)ကို လက်နက်ခဲယမ်းတွေနဲ့တကွ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လာပါတယ်။
မလှိုင်မြို့ပေါ် စားသောက်ဆိုင်တစ်ဆိုင်မှာ လက်နက်ကိုင်ဆောင်ပြီး အင်္ကျီအရပ်ဝတ်၊ အောက်ခံယူနီဖောင်းဝတ်နဲ့ တပ်သားတစ်ဦး စားသောက်နေတယ်လို့ သတင်းရတာကြောင့် ဇွန်လ ၂၂ ရက် မနက် ၉ နာရီမှာ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ PDF မတွေ ဦးဆောင်တဲ့ အဖွဲ့က ပြောက်ကျားအသွင် စောင့်ဆိုင်းပြီး တပ်ကြပ်ကြီးအောင်ဝင်းကို အရက်မူးကာ ကွမ်းယာထွက် ဝယ်ချိန်မှာ လက်ရဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။
ဖမ်းမိ တပ်ကြပ်ကြီးအောင်ဝင်းကိုနဲ့အတူ MA1 အမျိုးအစား လက်နက် (၁)လက် ၊ ၅ ဒသမ ၅၆ ကျည် ၂၅၀ တောင့် တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
