
MT News
၂၂. ၆. ၂၀၂၅
Written by Nay Moe
နေအိမ်တွင် ရှိနေသည့် အဘိုးအိုကို ညောင်ဦး PDF ခြောက်ဦးက ဒလန်ဟုစွပ်စွဲကာ ကြိုးတုပ်ဖမ်းဆီးသွားပြီး ကားလမ်းဘေး သတ်ဖြတ်လိုက်မှု ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ဇွန် ၂၀ ရက် နံနက် ၁၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဖက်တန်းကျေးရွာအရှေ့တောင်ဘက် ငါးဖာလုံခန့်အကွာ ခက်လန်းကန် ကျေးရွာသွား ကားလမ်းဘေး၌ အမျိုးသား တစ်ဦး ကျည်ထိမှန် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ တောင်ဖက်တန်းကျေးရွာနေ ဦးညွန့်လှိုင်(၆၇)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ခြောက်ဦး (စိစစ်ဆဲ)က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး “သတင်းပေး၊ ဒလန်” ဟု စွပ်စွဲပြောဆိုကာ လက်နောက်ပြန်ကြိုးတုပ်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ခက်လန်းကန်ကျေးရွာသွား ကားလမ်းဘေး အရောက်၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ယဥ်ကျေးမှု အမွေအနှစ်နယ်မြေ ပုဂံညောင်ဦးဒေသတွင် ညောင်ဦး PDF များက သတ်ဖြတ်လုယက်မှု မကြာခဏကျူးလွန်နေပြီး ပြီးခဲ့သည့် ဇွန်လ ၉ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ကလည်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ဒဟတ်ကန်ကျေးရွာတွင် သေနတ်နဲ့ ပစ်ခတ်ခံရ၍ အမျိုးသား သုံးဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျေးရွာနေ ဦးတင်စိုး(၅၆)နှစ်သည် တစ်ရွာတည်းနေ ဦးဝင်းနိုင်(၄၉)နှစ်၊ ဦးချမ်းသာ(၃၃)နှစ်တို့နှင့်အတူ နေအိမ်တွင် ရှိနေချိန် PDF ရှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် ငါးစီးနှင့် ရောက်ရှိလာပြီး သေနတ်နှင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သည့်အပြင် ဦးဝင်းနိုင်နေအိမ်က YGN-22/ 3I-XXXX TOYOTA PASSO ခဲရောင်မော်တော်ယာဉ်နှင့် MDY-6/4K-XXXX TOYOTA HIJET အဖြူရောင် မော်တော်ယာဉ် နှစ်စီးတို့ကို လုယက်ယူဆောင် ထွက်ပြေးသွားခဲ့မှုလည်း ဖြစ်ပွားခဲ့သည်။
