
၂၂. ၆. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ကော့ဖငန်မြို့၊ ပန်းတစ်ပ်စျေးအနီးရှိ တရားမဝင် ဆေးခြောက်သုံး ရှစ်ရှားဘားတစ်ခုကို ဇွန်လ ၁၉ ရက်နေ့တွင် ခရီးသွားရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရာ မြန်မာအလုပ်သမနှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။
စီးနင်းမှုဖြစ်စဥ်သည် ကော့ဖငန်ခရီးသွားရဲတပ်ဖွဲ့အား ပန်းတစ်ပ်စျေးအနီးရှိ ဆေးခြောက်ဆိုင်တစ်ခုမှ လာရောက်လည်ပတ်သူ ခရီးသွားများအား ရှစ်ရှားဘားအဖြစ် လျှို့ဝှက်ရောင်းချနေကြောင်း တိုင်ကြားမှုများ ရရှိပြီးနောက် ကြာသပတေးနေ့ ညနေပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။
စီးနင်းမှုအတွင်း ဆိုင်တွင် အလုပ်လုပ်နေသည့် မြန်မာအမျိုးသမီးနှစ်ဦးကို အရာရှိများက တွေ့ရှိခဲ့ပြီး အသက် ၄၁ နှစ်အရွယ် စန္ဒာသည် ဆိုင်အတွင်းရှိ ဖောက်သည်များအား ရေနှင့် ရှစ်ရှားများ ဝန်ဆောင်မှု ပေးနေကာ အသက် ၂၈ နှစ်အရွယ် သန္တာသည် ကောင်တာတွင် ဝန်ဆောင်မှုပေးခြင်းနှင့် ငွေကိုင်တာဝန်များကို ဆောင်ရွက်နေသည်။ နှစ်ဦးစလုံးတွင် ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ သက်တမ်းရှိ တရားဝင် နိုင်ငံကူးလက်မှတ်များနှင့် အလုပ်သမားပါမစ်များ ကိုင်ဆောင်ထားကြသည်။

စီးနင်းမှုဖြစ်စဥ်အတွင်း ယခင်ကလည်း လာရောက်ဖမ်းဆီးဖူးသည့် ထိုင်းအရာရှိများ၏ ထပ်မံဖမ်းဆီးခံရပြီးနောက် မြန်မာနိုင်ငံသို့ ပြန်ပို့ နှင်ထုတ်ခံရမည်ကို စိုးရိမ်သဖြင့် မြန်မာအမျိုးသမီးတစ်ဦးဖြစ်သူ စန္ဒာ တရားမဝင် ရှစ်ရှားရောင်းချနေသည့် ဆေးခြောက်ဆိုင်အတွင်း၌ပင် ရဲတပ်ဖွဲ့ဝင်များရှေ့ ငိုကြွေးခဲ့သည့်အတွက် စစ်မေးခြင်းမပြုမီ ရဲတပ်ဖွဲ့က သူမကို နှစ်သိမ့်ခဲ့ရသည်။
စန္ဒာက သူမသည် ဆိုင်တွင် လေးလကြာ အလုပ်လုပ်ခဲ့ပြီး တစ်ပတ်လျှင် ဘတ် ၃,၀၀၀ ရရှိကြောင်း ဝန်ခံခဲ့သည်။ သူမ၏ တာဝန်များတွင် ရှစ်ရှားအတွက် မီးသွေးထွန်းညှိပေးခြင်း၊ ဖောက်သည်များအတွက် ရှစ်ရှားအရည်များကို ပုံးများထဲ ထည့်ပေးခြင်း၊ ရေနှင့် အစားအစာများ ပေးခြင်းနှင့် ဆိုင်သန့်ရှင်းရေးလုပ်ခြင်းတို့ ပါဝင်ကြောင်း ဝန်ခံခဲ့သည်။
သန္တာကလည်း ငွေကိုင်အဖြစ် အလုပ်လုပ်ပြီး မှာယူမှုများနှင့် ငွေကြေးလွှဲပြောင်းမှုများကို ဆောင်ရွက်ကြောင်း ဝန်ခံခဲ့သည်။ သူမက ရှစ်ရှားစျေးနှုန်းများသည် ဖောက်သည်များ ရွေးချယ်သည့် အရသာနှင့် ပမာဏအပေါ် မူတည်၍ ကွာခြားကြောင်း ပြောကြားခဲ့သည်။ သူမသည် ရုရှားဆိုင်ပိုင်ရှင်နှင့် တစ်ခါမျှ မတွေ့ဖူးကြောင်း၊ သို့သော် နေ့စဉ်ရောင်းရငွေကို ပိုင်ရှင်၏ အကောင့်သို့ လွှဲပေးခဲ့ကြောင်း၊ အဆိုပါဆိုင်သည် ဖောက်သည်များထံမှ တစ်နေ့လျှင် ဘတ် ၁၀,၀၀၀ မှ ၁၅,၀၀၀ ($305-460) ရရှိကြောင်း ထွက်ဆိုခဲ့သည်။

အမျိုးသမီးနှစ်ဦးစလုံးသည် ၎င်းတို့၏ ခွင့်ပြုထားသည့် လုပ်ငန်းနယ်ပယ် (လုပ်သားအဖြစ်မှ ဝန်ဆောင်မှုဝန်ထမ်းအဖြစ်သို့) ကျော်လွန်လုပ်ကိုင်ခြင်းနှင့် အကောက်ခွန်ရှင်းလင်းပြီးခြင်း မရှိသေးသော ကုန်ပစ္စည်းများ ရောင်းချမှုကို ဖုံးကွယ်ထားခြင်းတို့ဖြင့် တရားစွဲဆိုခံခဲ့ရသည်။
ရဲတပ်ဖွဲ့က သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများတွင်- ရှစ်ရှားအရည်ထုပ် ၂၃ ထုပ်၊ ရှစ်ရှားအရည် ဗူး ၅ ဗူး၊ ရှစ်ရှားအရည် စတုဂံဗူး ၈ ဗူး၊ ရှစ်ရှားစက် ၇ လုံးနှင့် ရှစ်ရှပိုက် ၁၃ ခုတို့ ပါဝင်သည်။
လက်ရှိတွင် အလုပ်သမားများကို ဒေသဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူးများထံ ပို့ဆောင်ထားပြီး ရုရှားဆိုင်ပိုင်ရှင်ကိုမူ တရားစွဲဆိုရန်အတွက် အမှုဖွင့်မည်ဖြစ်သည်။
Ref, Khaosod
