◾️ ဘုရင်စနစ်ထောက်ခံသူလူစုလူဝေးနှင့် ကျူးလွန်သူအကြား တင်းမာမှု မိခင်ဖြစ်သူက ဖြေရှင်းတောင်းပန်နေရ
၂၁. ၆. ၂၀၂၅
Translated by Tha Doe

ထိုင်းရဲတပ်ဖွဲ့သည် ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံသားတစ်ဦးကို ဘန်ကောက်မြို့၊ လပ်ဖရာအိုဒေသရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးခဲ့ပြီး တရားခံသည် ထိုင်းအမျိုးသားအလံနှင့် ဘုရင်ရာမ ၁၀ ဘုရင့်ပုံတူပေါ်တွင် ခြေထောက်ဖြင့် နင်းခြင်း၊ ဆီးသွားခြင်း များ ပြုလုပ်နေသည့် ဗီဒီယိုများကို ၎င်း၏ လူမှုကွန်ရက်တွင် ဖြန့်ဝေခဲ့ခြင်းကြောင့် ဖြစ်သည်။
သံသယရှိသူသည် ၎င်း၏ဖေ့စ်ဘွတ်ခ်အကောင့်တွင် မသင့်လျော်သော ဗီဒီယိုများစွာကို တင်ခဲ့သည်။ ဗီဒီယိုများတွင် ၎င်းကိုယ်တိုင် အမျိုးသားအလံကို ခြေသုတ်ဝတ်အဖြစ် အသုံးပြုခြင်း၊ ဘုရင့်ပုံတူပေါ်တွင် ခြေထောက်တင်ခြင်း၊ အလံနှင့် ပုံတူနှစ်ခုစလုံးပေါ်တွင် ဆီးသွားခြင်းများကို ပြသထားသည်။
ထို့အပြင် ၎င်းသည် မသင့်လျော်သော စကားလုံးများဖြင့် ဘုရင်မိသားစုကို ဝေဖန်ထားသည့် ဗီဒီယိုများကိုလည်း တင်ခဲ့ပြီး ၎င်း၏လုပ်ရပ်များကြောင့် စိတ်ဆိုးဒေါသထွက်သူ မည်သူမဆို ၎င်း၏နေအိမ်သို့ လာရောက်ရင်ဆိုင်ရန် စိန်ခေါ်ခဲ့သည်။

ကျူးလွန်သူ၏ လုပ်ရပ်ကို ထိုင်းအနုပညာရှင် ဝမ်နာဝပ် “ဘွန်း” ဟန်ရွန်းရွဲန်ကစ်က တွေ့ရှိခဲ့ပြီး ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ရှုတ်ချခဲ့ရာ လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ ဘွန်းသည် အနုပညာရှင်မဖြစ်မီက ထိုင်းရတ်သတင်းစာနှင့် အင်တာဗျူးတစ်ခုတွင် ၎င်းသည် အသက် ၁၄ နှစ်အရွယ်တွင် မူးယစ်ဆေးဝါး စတင်သုံးစွဲခဲ့ပြီး ဘဝကို ပြောင်းလဲကာ ပုံဆွဲခြင်းကို အာရုံမစိုက်မီ နှစ်ကြိမ် အကျဉ်းချခံခဲ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့မှုကြောင့် လူသိများလာသူဖြစ်သလို ဘုရင့်မိသားစုဝင်များ၏ ပုံတူများကို မကြာခဏ ဆွဲလေ့ရှိပြီး ၎င်း၏လူမှုမီဒီယာအကောင့်များတွင် ဘုရင်မိသားစုကို လေးစားကြောင်း မကြာခဏ ဖော်ပြလေ့ရှိသည်။
အဆိုပါ ကျူးလွန်သူ၏ ရုပ်သံများနှင့် စိန်ခေါ်မှုများ တွေ့ရှိခဲ့ပြီးနောက် ဘွန်းနှင့် မိတ်ဆွေ အများအပြားသည် ယမန်နေ့ ည ၇ နာရီခန့်တွင် သံသယရှိသူ၏နေအိမ်သို့ သွားရောက်ခဲ့သည်။ ကျူးလွန်သူသည် ဘန်ကောက်မြို့၊ လပ်ဖရာအိုမြို့နယ်၊ စွိုင်လပ်ဖရာအို-ဝမ်ဟင် ၄ တွင် နေထိုင်သူဖြစ်သည်။ ဘွန်းသည် သူ၏ ရင်ဆိုင်တွေ့ဆုံမှုကို ဖေ့စ်ဘွတ်ခ်တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့ရာ ပြင်းထန်သော ငြင်းခုံမှုများ ဖြစ်ပွားခဲ့သည်။

ထို့အပြင် ဘွန်းက “မင်း ထိုင်းလူမျိုးမဟုတ်ဘူး။ ငါက ထိုင်းလူမျိုး။ ဒီလို မလေးမစား မလုပ်သင့်ဘူး။ ထိုင်းနိုင်ငံကို မကြိုက်ရင် ထွက်သွားသင့်တယ်” ဟု ပြောဆိုခဲ့သည်ကို ကြားသိခဲ့ရသည်။
ဘွန်းနှင့် သူ၏အဖော်များသည်လည်း ကျူးလွန်သူနှင့် ရင်ဆိုင်တွေ့ဆုံမှုအတွင်း မသင့်လျော်သော စကားလုံးများကို အသုံးပြုခဲ့သည်။ ထိုတင်းမာမှုကို သံသယရှိသူ၏မိခင်က ကြားဝင်ဖြေရှင်းပေးခဲ့ပြီး နှစ်ဖက်စလုံးအား အခြေအနေကို လျှော့ချရန် တောင်းပန် တိုက်တွန်းခဲ့သည်။ သို့သော် ဘွန်းနှင့် သူငယ်ချင်းများက ၎င်း၏သား၏အပြုအမူကို ထိန်းချုပ်နိုင်ခြင်းမရှိသည့်အတွက် မိခင်ကိုလည်း ဝေဖန်ခဲ့ကြသည်။

ငြင်းခုန်သံများ ကျယ်လောင်လာသည်နှင့်အမျှ အိမ်အပြင်ဘက်တွင် အိမ်နီးချင်းများ စုဝေးခဲ့ကြသည်။ ထိုဖြစ်စဉ်အပေါ် ချောက်ချိုင်းရဲစခန်းမှ အရာရှိများရောက်လာပြီး နောက်ပိုင်းတွင် စွမ်ကီယတ်ဟု သိရှိရသည့် သံသယရှိသူကို ဖမ်းဆီးခဲ့ကာ စစ်ဆေးမေးမြန်းရန် ထိန်းသိမ်းလိုက်သည်ဟု သိရသည်။

သို့သော် ရဲတပ်ဖွဲ့သည် စစ်ဆေးမေးမြန်းမှု အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိသေးသလို စွမ်ကီယတ် ရင်ဆိုင်ရမည့် စွဲချက်များကိုလည်း ရှင်းလင်းပြောကြားခြင်းမရှိသေးဘဲ ၎င်း၏လုပ်ရပ်များတွင် စိတ်ကျန်းမာရေးပြဿနာများ ပါဝင်နေနိုင်သည်ဟု အာဏာပိုင်များက သံသယရှိနေသည်။ အလံဥပဒေ (Flag Act) အရ၊ အမျိုးသားအလံပေါ်တွင် ဆီးသွားခြင်းသည် ပုဒ်မ ၅၄ အရ မထီမဲ့မြင်ပြုလုပ်ခြင်းဖြစ်ပြီး ထောင်ဒဏ် ၆ လ၊ ဘတ် ၁,၀၀၀ အထိ ဒဏ်ငွေ၊ သို့မဟုတ် နှစ်မျိုးလုံး ချမှတ်နိုင်သည်။ ထို့အတူ ဘုရင်မိသားစုကို မသင့်လျော်စွာ ဝေဖန်လုပ်ကိုင်ခြင်းသည် Lese Majeste Law ဟု လူသိများသည့် ရာဇဝတ်မှုဥပဒေပုဒ်မ ၁၁၂ ကို ချိုးဖောက်သည့်ပုဒ်မဖြင့် ငြိစွန်းနိုင်သည်ဟု သိရသည်။
Ref , The Thaiger