
၂၁. ၆. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီပြည်နယ်တွင် ကြောက်မက်ဖွယ်ရာ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည့်ဖြစ်ရပ်အဖြစ် ဒေါင်းပန်းပင် (စိန်ပန်းပင်) ကြီးတစ်ပင်သည် ရွေ့လျားနေသော ပစ်ကပ်ထရပ်ကား ပေါ်သို့ ရုတ်တရက် လဲကျ ပိမိခဲ့ရာမှ ယာဉ်မောင်း သေဆုံးကာ လိုက်ပါလာသည့် ခရီးသည်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ ထိတ်လန့်ဖွယ်ရာ ဖြစ်ရပ်သည် ယမန်နေ့ ဇွန်လ ၂၀ ရက်၊ ညနေ ၄ နာရီခန့် က ဆူရတ်ဌာနီပြည်နယ်၊ မူးအန်းခရိုင်၊ ဝပ်ပရာဒူးမြို့၊ ကျေးရွာ ၈၊ ဆွိုင်ကို့တန်လမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်ကို သတင်းရရှိသော သာကဗ် ပြည်သူ့ဝန်ဆောင်မှုယူနစ် ရဲတပ်ဖွဲ့သည် မတော်တဆမှုဖြစ်ပွားရာနေရာသို့ ချက်ချင်းသွားရောက်ခဲ့ပြီး ပျက်စီးနေသောယာဉ်အတွင်း ပိတ်မိနေသူများကို ကူညီရန် ကူဆွန်ဆတ်သာ ဆူရတ်ဌာနီ ဖောင်ဒေးရှင်း ကယ်ဆယ်ရေးအဖွဲ့ကို ခေါ်ယူခဲ့သည်။ ကယ်ဆယ်ရေးသမားများ ရောက်ရှိလာချိန်တွင် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းနှင့် ကြုံတွေ့ခဲ့ရပြီး တိုယိုတာ ဗီဂို ပစ်ကပ်ထရပ်ကား တစ်စီးသည် ကြီးမားသော စိန်ပန်းပင်ပိခြင်းကို ခံစားခဲ့ရကာ ယာဉ်ခေါင်မိုးမှာ သိသိသာသာ ပျက်စီးဆုံးရှုံးခဲ့သည်။
စိန်ပန်းပင် ပိမိနေသော ယာဉ်ပေါ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ပိတ်မိနေခဲ့ပြီး အသက် ၃၂ နှစ်အရွယ် ယာဉ်မောင်း ဝပ်သာစင် မှာ သတိမေ့မြောနေကာ အသက် ၇၇ နှစ်အရွယ် ဆိုဒါမှာ ဘယ်ဘက်လက်တွင် ပြင်းထန်စွာ ပြတ်ရှဒဏ်ရာ ရရှိထားပြီး အသက် ၆၅ နှစ်အရွယ် ခရစ္စနာ မှာ ခန္ဓာကိုယ်တွင် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သည်။ အရေးပေါ်တုံ့ပြန်သူများက ထိခိုက်ဒဏ်ရာရများကို လျင်မြန်စွာ ကယ်ထုတ်ခဲ့ပြီး ဆူရတ်ဌာနီဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့သည်။
ကယ်ဆယ်ရေးလုပ်ဆောင်သူများက အချိန်တိုအတွင်း အကောင်းဆုံး ကြိုးပမ်းခဲ့သော်လည်း ယာဉ်မောင်း ဝပ်သာစင် မှာ ဆေးရုံရောက်ပြီး မကြာမီ ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။
စုံစမ်းစစ်ဆေးသူများ၏ ကနဦးအစီရင်ခံစာများအရ ဝပ်သာစင်က အဆိုပါ လမ်းတစ်လျှောက် မောင်းနှင်နေစဉ် လမ်းဘေးသစ်ပင်ကြီးက ပစ်ကပ်ထရပ်ကား၏ အလယ်ဗဟိုခေါင်မိုးပေါ်သို့ ရုတ်တရက် လဲကျခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ရဲတပ်ဖွဲ့သည် လေပြင်းတိုက်ခတ်မှု၊ သစ်ပင်၏ သက်တမ်း သို့မဟုတ် အခြားပတ်ဝန်းကျင်အခြေအနေများကဲ့သို့သော အကြောင်းရင်းများက မတော်တဆမှုကို ဖြစ်စေခဲ့ခြင်းရှိ၊ မရှိကို စုံစမ်းစစ်ဆေးနေကြောင်းလည်း သိရသည်။
ဒေသခံအာဏာပိုင်များက သေဆုံးသူယာဉ်မောင်း၏ မိသားစုအား ဝမ်းနည်းကြောင်း ပြောကြားခဲ့သလို အထူးသဖြင့် ယာဉ်ကြောပိတ်ဆို့မှုများသောနေရာများရှိ လမ်းဘေးသစ်ပင်များ ထိုသို့ ထပ်မံ မဖြစ်ပွားစေရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများကိုလည်း အာရုံစိုက်နေလုပ်ဆောင်နေသည်။ အဆိုပါ ကြေကွဲဖွယ်ရာ မတော်တဆမှုသည် လဲကျသောသစ်ပင်များ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များ၊ အထူးသဖြင့် မြို့ပြဧရိယာများတွင် ထိုသို့သော ဖြစ်ရပ်များက မော်တော်ယာဉ်မောင်းများအတွက် ပြင်းထန်သော အကျိုးဆက်များကို ဖြစ်စေနိုင်ကြောင်းကို ထင်ရှားစွာ သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။
Ref, The Thaiger