
◾ VOA သတင်းဌာနနှင့် မိခင်အေဂျင်စီ USAGM တို့မှ ဝန်ထမ်းများကို အစုလိုက် အပြုံလိုက်တာဝန်မှ ရပ်ဆိုင်း
၂၁.၆.၂၀၂၅
Translated by Htwe Ko Tun
သုံးလခန့်ကြာမြင့်ခဲ့တဲ့ ဥပဒေကြောင်းအရ တိုက်ခိုက်မှုတွေနဲ့ စည်းရုံးလှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့အပြီးမှာတော့ Voice of America(VOA) သတင်းဌာနကွန်ရက်ကို သမ္မတထရန့်ရဲ့ ကြိုတင်စီစဉ်ထားမှုတစ်စိတ်တစ်ပိုင်းအရ ဝန်ထမ်းအင်အားတွေ တရားဝင်လျှော့ချလိုက်ပြီဖြစ်ပါတယ်။
VOA သတင်းဌာနနဲ့ သူ့ ရဲ့ မိခင်အေဂျင်စီဖြစ်တဲ့ ကမ္ဘာတစ်ဝန်း သတင်းအချက်အလက်လွှင့်ထုတ်မှုမှာ အမေရိကန်က ဦးဆောင်နိုင်ဖို့ ဆယ်စုနှစ်အတန်ကြာအားထုတ်ခဲ့တဲ့ USAGM ခေါ် US Agency for Global Media တို့မှာ အလုပ်တာဝန်မှ ရပ်ဆိုင်းမှုတွေကို ဇွန်လ ၂၀ ရက်မှာ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ပါတယ်။
ရာထူးကနေရပ်ဆိုင်းဖို့ တရားစွဲခံခဲ့ရတဲ့ VOA သတင်းဌာနက သတင်းစာဆရာသုံးဦးက “ဒီဆောင်ရွက်မှုက ပြီးခဲ့တဲ့လက UDAGM ရဲ့ ကန်ထရိုက်တာ ၅၀၀ ဦးကို ထုတ်ပယ်ခဲ့ပြီးတဲ့နောက် ဆက်ပြီးပြုလုပ်လာတာပါပဲ။ ဒါက ၈၃ နှစ်ကြာပြီဖြစ်တဲ့ာ ကမ္ဘာတစ်ဝန်းမှာ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို လက်ကိုင်ထားတဲ့ အမေရိကန်ရဲ့ အမှီအခိုကင်းတဲ့ သတင်းစာပညာ သေဆုံးမှုပါပဲ” လို့ သူတို့ရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
VOA သတင်းဌာနကို နှစ်ပေါင်းများစွာ ဝေဖန်လာခဲ့တဲ့ သမ္မတ ဒေါ်နယ်ထရန့်အဖို့တော့ ဇွန်လ ၂၀ ရက်မှာ အလုပ်တာဝန်မှ ရပ်ဆိုင်းမှုတွေက နိုင်ငံရေးအရအောင်ပွဲတစ်ရပ်လို့ဆိုရမှာပါ။
ပြီးခဲ့တဲ့မတ်လမှာတုံးက USAGM နဲ့တခြားပြည်ထောင်စု အေဂျင်စီတွေက ဝန်ထမ်းအင်အားတွေလျှော့ချဖို့ လက်မှတ်ထိုးစဉ်တုံးက အမေရိကန်အစိုးရရဲ့ ထောက်ပံ့မှုရယူထားတဲ့၊ VOA ကို ဘက်လိုက်ပြီး ဖောင်းပွမှုရှိနေကာ ခေတ်နောက်ကျအသုံးမဝင်တော့တဲ့ သတင်းဌာနအဖြစ် အိမ်ဖြူတော်ရဲ့ အဆင့်မြင့် မီဒီယာအကြံပေးအရာရှိ ကယ်ရီလိတ်ခ်(Kery Lake) က ပုံဖော်ပြောကြားခဲ့တာလို့ ဆိုပါတယ်။ တချို့ ရီပတ်ဘလစ်ကန်အမတ်တွေအပါအဝင် အေဂျင်စီကိုထောက်ခံသူတွေကတော့ ဒီသတင်းကွန်ရက်တွေက သတင်းမှားတွေကိုတိုက်ဖျက်ဖို့နဲ့ အမေရိကန်နိုင်ငံအကြောင်း ကမ္ဘာကိုပြောကြားဖို့ အဓိကကျတဲ့ ကိရိယာတွေလို့ ပြောခဲ့ကြပါသေးတယ်။
ဒီလိုသတင်းဌာနကွန်ရက်တွေ မရှိတော့ဘူးဆိုရင် ကမ္ဘာ့မီဒီယာလောကမှာ နေရာလွတ်ဖြစ်လာမှာဖြစ်ပြီး ရုရှားနဲ့တရုတ်တို့ရဲ့ ဝါဒဖြန့်စည်းရုံးမှုတွေက အစားထိုးဝင်ရောက်လာနိုင်တယ်လို့ ရုရှား-အမေရိကန် သတင်းစာဆရာ အယ်လ်ဆူ ကာမာရှီဗါ က သတိပေးပြောကြားခဲ့ပါတယ်။
VOA က USAGM အေဂျင်စီရဲ့ အကြီးမားဆုံးအစိတ်အပိုင်းလည်းဖြစ်ပြီး ဘာသာရပ်ပေါင်းများစွာ၊ ဝက်ဘ်ဆိုတ်ပေါင်းများစွာနဲ့ သတင်းထုတ်လွှင့်ဖြန့်ချိနေတာဖြစ်ပြီး ဝန်ထမ်း ၁,၄၀၀ လောက် တာဝန်ထမ်းဆောင်နေကြတာပါ။ မတ်လလယ်ပိုင်းမှာ ထရန့်ရဲ့လက်မှတ်ထိုးမှုအပြီးမှာတော့ ဝန်ထမ်းတွေကို အခကြေးငွေနဲ့ စီမံခန့်ခွဲရေးဆိုင်ရာ ခွင့်ကာလတွေအဖြစ် ချထားခဲ့လို့ VOA ရဲ့ အသံလွှင့်ဌာနပလက်ဖောင်းတွေအားလုံး တိတ်ဆိတ်သွားခဲ့တာပါ။
ကယ်ရီ လိတ်ခ်ကတော့ အေဂျင်စီအနေနဲ့ အဖတ်ဆည် ကယ်ဆယ်လို့မရနိုင်တော့ဘူးလို့ ပြောခဲ့တာပါ။ ဒါပေမယ့် ဇွန်လ၂၀ ရက်က ဝန်ထမ်းအများအပြား အလုပ်မှထုတ်ပယ်တယ်ဆိုတာကြေညာတဲ့ သတင်းစာရှင်းပွဲမှာပဲ ကယ်ရီလိတ်ခ်က အေဂျင်စီအနေနဲ့ အခြေခံကျပြီး မရှိမဖြစ်လိုတဲ့ အင်အားစုနဲ့ ပြန်လည်ပုံစံ ပြောင်းတည်ရှိမယ်လို့ အရိပ်အမြွက်ပြောခဲ့ပါတယ်။ သူက စုစုပေါင်း ဝန်ထမ်း ၂၅၀ ဦးနဲ့ အေဂျင်စီကိုပြန်လည်ဖွဲ့စည်းမယ်လို့ ဆိုခဲ့ပါတယ်။
အရင်ကတော့ ကယ်ရီလိတ်ခ်က VOA အတွက် အကြောင်းအရာတွေ အခမဲ့ပံ့ပိုးပေးတဲ့ လက်ယာစွန်းရောက် ထရန့်လိုလားတဲ့ သတင်းလမ်းကြောင်းတစ်ခုဖြစ်တဲ့ One America News ကို ဆက်လက်ရှိဖို့ အစီအစဉ်ကို ပံ့ပိုးမြှင့်တင်ခဲ့တာပါ။ ရာထူးကနေရပ်ဆိုင်းဖို့ တရားစွဲခံခဲ့ရတဲ့ သတင်းစာ ဆရာသုံးဦးကတော့ ကွန်ဂရက်အထိ ဥပဒေလမ်းကြောင်းအရ တိုက်ခိုက်သွားမယ်လို့ပြောခဲ့ပါတယ်။ ကွန်ဂရက်ကိုလည်း VOA အတွက် ကြာရှည်လှပြီဖြစ်တဲ့နှစ်ဘက်ပါတီတွေကိုထောက်ခံတဲ့အစဉ်အလာကို ဆက်လက်ထားရှိဖို့ တောင်းဆိုခဲ့ပါတယ်။
သူတို့က မော်စကို၊ ဘေဂျင်း၊ တီဟီရန်နဲ့ အစွန်းရောက်အုပ်စုတွေက ကမ္ဘာ့သတင်းအချက်အလက် ဖြန့်ချိရေးနယ်ပယ်မှာ လစ်ဟာသွားတဲ့နေရာကို ဝင်ရောက်လာပြီး အမေရိကန်ဆန့်ကျင်ရေးဝါဒဖြန့် စည်းရုံးကြတော့မယ်။ အမေရိကက အသံကိုတိတ်ဆိတ်ပြီး ဒီမြေကို လက်လွတ်ဆုံးရှုံးမခံကြပါနဲ့လို့ ပြောခဲ့ပါတယ်။
ပြည်ထောင်စုအစိုးရထောက်ပံ့ငွေများမှတစ်ဆင့် ရန်ပုံငွေထောက်ပံ့ထားတဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေအဖြစ် ဖွဲ့စည်းတည်ဆောက်ထားတဲ့ USAGM ၏ အခြားသောကွန်ရက်တွေရဲ့ ကံကြမ္မာကိုလည်း အတိအကျမပြောနိုင်သေးပါဘူး။ Radio Free Asia၊ Radio Free Europe/Radio Liberty နဲ့ အခြားသော ထောက်ပံ့သူများဟာ တရားရုံးတွေမှာ သူတို့အတွက် ပြည်ထောင်စုအစိုးရ ထောက်ပံ့ရန်ပုံငွေ ဆက်ရဖို့ တိုက်ပွဲဝင်နေကြတုံးလို့ဆိုရမှာပါ။
ဇွန်လ ၂၀ ရက်က သတင်းထုတ်ပြန်ချက်မှာလည်း ဒီကွန်ရက်တွေနဲ့ ပတ်သက်လို့ ရည်ညွှန်းဖော်ပြမှုတွေမရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့သီတင်းပတ်က အစ္စရေး-အီရန် ပဋိပက္ခ ပြင်းထန်လာတာနဲ့အမျှ ဖာစီဘာသာစကား ပရိုဂရမ်မှာ အရင်က လုပ်ကိုင်ခဲ့ဖူးတဲ့ VOA ဝန်ထမ်းများစွာကို အီရန်နိုင်ငံအရေး ပရိုဂရမ်ထုတ်လွှင့်ဖို့ အမေရိကန်ရဲ့ ကြိုးပမ်းမှုအချို့ ပြန်လည်ဆောင်ရွက်ဖို့ ခေါ်ဆောင်ခဲ့ပါတယ်။
ဒါက ပဋိပက္ခကို လွှမ်းခြုံဖော်ပြနိုင်ဖို့ VOA ရဲ့ ပါရှန်းသတင်းဝန်ဆောင်မှုကို အချိန်အခါအရ မြှင့်တင်ပေးရတာပဲလို့ ကယ်ရီလိတ်ခ်က Fox News သတင်းဌာနကို ပြောခဲ့ပါတယ်။
ဒါပေမယ့် သူတို့ထဲက ဝန်ထမ်းတချို့ကတော့ ဇွန်လ ၃၀ ရက်မှာ အလုပ်မှ ထုတ်ပယ်တယ်လို့ အကြောင်းကြားစာ လက်ခံရရှိခဲ့ကြတယ်လို့ သိရပါတယ်။
ဒါကြောင့် တချို့ကဆိုရင် VOA အဖို့ သမ္မတထရန့်နဲ့ အကြံပေး ကယ်ရီလိတ်ခ်တို့ရဲ့ အခွံပဲကျန်အောင် ဝါးစားတာခံလိုက်ရတာပဲလို့ ဆိုကြပါတယ်။
Ref- CNN