
၁၇. ၆. ၂၀၂၅
Written by Nay Moe
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး) စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုလျက်ရှိသည့် ကုလားတဲကျေးရွာအခြေခံ ပညာအထက်တန်းကျောင်းခွဲမှ ကျောင်းသား/ ကျောင်းသူ ၉ ဦး၏ မိဘများအား PDF အမည်ခံ အကြမ်းဖက်သမားများက ဇွန် ၁၆ ရက် နံနက်ပိုင်း မြန်မာစာဘာသာရပ် ဖြေဆိုပြီးသည့်နောက် ထပ်မံ ခြိမ်းခြောက်မှုများပြုလုပ်လာသဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကို ဆက်လက်ဖြေဆိုခြင်းမရှိတော့ဘဲ ၎င်းတို့၏ နေရပ်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသည်။
အဆိုပါ ကျောင်းသား၊ ကျောင်းသူများသည် ညောင်ဦးမြို့နယ်၊ ကုလားတဲကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှဖြစ်ပြီး ဇွန်လ ၁၄ ရက်က ညောင်ဦးမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် ရောက်ရှိတည်းခိုနေထိုင်စဥ် ကျောင်းသား၊ ကျောင်းသူ ၉ ဦး၏ မိဘများအား PDF များက ခြိမ်းခြောက်မှုများပြုလုပ်ခဲ့သဖြင့် မခင်သက်ထား၊ မဂျူးဂျူးစုလှိုင်၊ မတိုးအိဝေ၊ မယမင်းသူ၊ မမြမြသက်၊ မောင်ချမ်းမြေ့အောင်တို့ ၆ ဦးကို မိဘများက ထိုနေ့တွင်ပင် ပြန်လည်ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါ ကျောင်းသား၊ ကျောင်းသူ ၆ ဦး အပါအဝင် ကျန်ကျောင်းသား၊ ကျောင်းသူများ ဖြစ်သည့် မောင်အာကာချမ်းမြေ့ကျော်၊ မောင်ထွန်းနိုင်လင်းနှင့်၊ မောင်တင်ဦးလှိုင်တို့ ၃ ဦးကိုပါ စာမေးပွဲကို အဆင်ပြေချောမွေ့စွာနှင့် လုံခြုံစွာဖြေဆိုနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း၍ စီစဉ်ဆောင်ရွက် ပေးခဲ့သဖြင့် ဇွန် ၁၆ ရက်တွင် နံနက်ပိုင်းတွင် မြန်မာစာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရှိရသည်။
သို့သော် မြန်မာစာဘာသာရပ် ဖြေဆိုအပြီးတွင် အဆိုပါ ကျောင်းသား၊ ကျောင်းသူ ၉ ဦး တို့၏ မိဘများအား PDF များက ထပ်မံခြိမ်းခြောက်ခဲ့သဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကို ဆက်လက်ဖြေဆိုနိုင်ခြင်းမရှိတော့ဘဲ ညနေပိုင်းတွင် ၎င်းတို့၏ နေရပ်သို့ မိဘများနှင့်အတူ ပြန်လည် ထွက်ခွာသွားကြောင်း သိရှိရသည်။
အထက်ပါဖြစ်စဉ်မှ ကျောင်းသားမိဘများအား ခြိမ်းခြောက်ခြင်းများလုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
