
၁၇. ၆. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံမှာ အစိမ်းရောင်ဖွံ့ဖြိုးရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်နေသလို လောင်စာဆီသုံးစွဲမှု လျှော့ချနိုင်ရေးအတွက် နိုင်ငံတော်အစိုးရအနေနဲ့ နည်းလမ်းမျိုးစုံနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ လျှပ်စစ်စွမ်းအင်သုံး သယ်ယူပို့ဆောင်ရေးစနစ်မှာ အဓိကထား ဆောင်ရွက်နေတာဖြစ်ပါတယ်။
ဒီလိုဆောင်ရွက်နေတဲ့ကဏ္ဍတွေထဲမှာ လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ် (EV) ကဏ္ဍကိုလည်း နိုင်ငံတော်က ဖွံ့ဖြိုးတိုးတက်လာအောင် ဦးစားပေးဆောင်ရွက်နေတာကို တွေ့ရပါတယ်။ အထူးသဖြင့် လျှပ်စစ်သုံးယာဉ်နဲ့ ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းပြီး ဥပဒေနဲ့ မူဝါဒတွေချမှတ် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ရည်ရွယ်ချက်ကောင်းများစွာနဲ့ စတင်ခဲ့တဲ့ အဆိုပါ EV ကဏ္ဍဟာ လက်ရှိအချိန်မှာတော့ After Sales Service နဲ့ တိကျခိုင်မာတဲ့ Warranty မပေးနိုင်တဲ့ EV ကားတွေ ပိုမိုဝင်ရောက်လာမှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ အသံကျယ်ကျယ် ထွက်ပေါ်လို့လာနေပါတယ်။
ဒါ့အပြင် လက်ဝယ်ကားမရှိဘဲ ကားရောင်းချနေမှုတွေ၊ မှာယူလိုသူတွေအနေနဲ့ Booking Fees ကြေးပေးသွင်းပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်းတွေအပြင် ကားရောက်ရှိပါကလည်း ဈေးနှုန်းပြောင်းလဲမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
ဒီလိုအခြေအနေတွေ ဖြစ်ပေါ်လာနေချိန်နဲ့အတူ တစ်ပြိုင်တည်းမှာပဲ EV ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို လက်ခံလိုစိတ်မရှိသူတွေကလည်း လူမှုကွန်ရက်တွေမှာ ယခင်ထက် ပိုမိုဝေဖန်ရေးသားလာတာကို တွေ့ရှိလာရသလို EV ဈေးကွက်ပျက်ပြားစေဖို့အထိပါ ရည်ရွယ်ဆောင်ရွက်နေတာကိုပါ တွေ့ရှိလာရပါတယ်။

“ဝေဖန်မှုကတော့ EV ဖွံ့ဖြိုးမှုကို အရင်ကတည်းကလည်း သိပ်လက်မခံသေးတဲ့ အသိုင်းအဝိုင်းကတော့ ဝေဖန်နေမှာပဲ။ အခုမှဝေဖန်မှုရှိတာမဟုတ်ပါဘူး။ အရင်ကတည်းကလည်း ရှိတာပါပဲ။ အခုကတော့ နည်းနည်းလေး ပိုပြီး ဝေဖန်လာနိုင်တာပေါ့။ ဝေဖန်တဲ့နေရာမှာ အကြောင်းအမျိုးမျိုးပေါ်လာတော့ အကြောင်းအမျိုးမျိုး ခေါင်းစဉ်တပ်ပြီးတော့ ဝေဖန်တာပေါ့။ တစ်ယောက်နဲ့တစ်ယောက်က အမြင်ချင်းလည်းမတူတော့ ဝေဖန်တာခြင်းလည်းမတူဘူးပေါ့။ တကယ်တမ်းကြတော့ EV ကဏ္ဍကို ဒီလိုဝေဖန်မှုတစ်ခုတည်းနဲ့တော့ တိုက်ရိုက်အကုန်လုံး ထိခိုက်ဖို့ဆိုတာတော့ သိပ်တော့မဖြစ်နိုင်ဘူးလို့ထင်တယ်။ ထိခိုက်တာတော့ ထိခိုက်နိုင်တယ်။ ဒီကဏ္ဍကြီးတစ်ခုလုံးကိုတော့ မထိခိုက်နိုင်ဘူး” လို့ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA)၊ အတွင်းရေးမှူး ဦးကျော်စွာထွန်းမြင့်က ပြောပါတယ်။
လက်ရှိ EV ကားတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေက မြေပြင်အခြေအနေမှာ အမှန်တကယ်ဖြစ်ပေါ်နေပြီး ဖြစ်ပွားရတဲ့အကြောင်းအရင်းမှာ EV ကားသာ တင်သွင်းလိုပြီး တာဝန်ယူမှုမရှိတဲ့ ဝိသမလောဘသားတွေကြောင့် ဖြစ်ပေါ်နေရတာဖြစ်တယ်လို့ ပြည်တွင်းကားဈေးကွက် လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။
“အခု After Sales Service၊ Warranty အပိုင်းတွေက တကယ်ဖြစ်နေတာ။ ဘာလို့ဆို ကားပဲတင်သွင်းလိုပြီး တာဝန်ယူမှုမရှိတဲ့ တချို့သော ဝိသမလောဘသားတွေကြောင့်ဖြစ်တာ။ EV က ဆီကားလို တင်သွင်းပြီးရင် ပြီးရောလုပ်လို့မရဘူး။ Car Workshop ပို့လို့ရတဲ့ဟာမဟုတ်ဘူး။ အဓိက ဘတ္ထရီပိုင်း၊ ဘော်ဒီပိုင်း၊ နည်းပညာပိုင်း၊ Software ပိုင်းဆို Update က အမြဲလုပ်ရတာ။ ဒါတွေကို နည်းပညာကျွမ်းကျင် ဝန်ဆောင်မှုပေးနိုင်မှအဆင်ပြေမှာ။ ဒီလိုပြောလို့ EV တင်သွင်းတဲ့သူအားလုံးက တာဝန်ယူမှုမရှိဘူးပြောတာ မဟုတ်ဘူး။ ဒါမျိုး ဝန်ဆောင်မှုလုပ်နေတာတွေက နာမည်ကြီး Brand အမျိုးအစားတွေလောက်ပဲရှိတယ်။ သူတို့တွေကတော့ အဓိက တရုတ်နိုင်ငံကို သင်တန်းသားတွေပို့ပြီး ဆောင်ရွက်နေတာတွေရှိတယ်။ ဒီလိုကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံမှာ လက်ချိုးရေလို့ရတဲ့ အနေအထားမှာပဲရှိတယ်” လို့ EV ကားတင်သွင်းသူ လုပ်ငန်းရှသ်တစ်ဦးက ပြောပါတယ်။

နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေနဲ့မူဝါဒတွေအရ EV ကားတင်သွင်းမယ့်သူတွေဟာ အခြေခံအဆောက်အအုံဖြစ်တဲ့ Charging Station တည်ဆောက်ပေးရမယ်။ Service ပိုင်းနဲ့ အပိုပစ္စည်းပိုင်းကို တာဝန်ယူပေးနိုင်ရမယ်။ Warranty ပိုင်းကို တာဝန်ယူပေးနိုင်မယ်ဆိုတဲ့ အချက်တွေကို ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း သိရပါတယ်။
“အဲဒါတွေတော့ သူ့အချက်အနဲ့သူ ရှိပြီးသားပါ။ ဒါပေမဲ့လည်း အခုလက်ရှိသူတို့ မလုပ်နိုင်ဘူးဆိုရင်လည်း မလုပ်နိုင်တာကတော့ လက်ရှိမှာ ဘာဖြစ်မလဲဆိုတော့ အရင်မနှစ်က အချိန်ထက်စာရင်တော့လည်း မနှစ်ကအခြေအနေက ယှဉ်ပြိုင်စရာ နည်းသေးတာ။ အခုကများလာတဲ့အခါ ကိုယ်ပေးတဲ့ Service ၊ ကိုယ်ပေးတဲ့ Warranty အပေါ်မူတည်ပြီး ကိုယ့်ဆီကို Feedback ပြန်လာမှာပဲ။ လက်ရှိမှာ ကားပဲတင်သွင်းဖို့ပဲ အာရုံထည့်မယ်။ နောက်ပိုင်း Service အတွက် After Sales တွေ After Maintained တွေအတွက်ကို မစဉ်းစားဘူးဆိုရင်တော့ သူတို့ရဲ့ EV တင်သွင်းမှုရပ်တည်မှုလုပ်ငန်း၊ သူတို့ရဲ့ တည်ဆောက်ထားတဲ့ Brand ကလည်း ရေရှည်မမြဲနိုင်တဲ့အတွက်ကို ကျွန်တော်တို့ကတော့ ဒီနေ့ကနေပြီးတော့ ပြောချင်တာကတော့ စရောင်းကတည်းကိုက တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့၊ Service အပြည့်နဲ့ Warranty အပြည့်နဲ့ သွားမှရေရှည်ရပ်တည်လို့ရမှာဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်” လို့ ဦးကျော်စွာထွန်းမြင့်က ဆက်လက် ပြောပါတယ်။
EV ကားတွေကို တင်သွင်းရောင်းချရာမှာ Overseas Distribution Agreement (ODA) စာချုပ်နဲ့ Sales Contract နှစ်မျိုးရှိရာမှာ ODA စာချုပ်က After Sales Service နဲ့ official Showroom သုံးခု တည်ဆောက် တာဝန်ခံရတဲ့အတွက် အရင်းအနှီး ပိုမိုများပြားတယ်လို့ သိရပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ လျှပ်စစ်ကားတွေ မြန်ဆန်စွာတင်သွင်းနိုင်ဖို့ အရင်းအနှီးနည်းပါးတဲ့ Sales Contract တင်သွင်းမှုကို Pilot Project အရ ခွင့်ပြုထားတာကြောင့် SKD လို ပြည်တွင်းမှာ တစ်စိတ်တစ်ပိုင်း တပ်ဆင်စရာမလိုဘဲ ပြည်ပမှ တိုက်ရိုက် ကားအလုံးလိုက်တင်သွင်းတဲ့ CBU စနစ်နဲ့သာ တင်သွင်းခွင့်ပြုထားတာပါ။

ဒါကြောင့် CBU စနစ်နဲ့ တင်သွင်းတဲ့ EV ကားတွေ ဈေးကွက်မှာ ကားအရေအတွက် အများအပြားရောင်းချနေရပေမဲ့လည်း After Sales Services နဲ့ အပိုပစ္စည်းမရှိတဲ့ကားတွေ ဈေးကွက်အတွင်း ပိုမိုများလာတာကိုလည်း ဝေဖန်မှုတွေရှိနေခဲ့တာပါ။
အခုလို ထောက်ပြဝေဖန်မှုတွေက ဖွံ့ဖြိုးပြီးနိုင်ငံတွေအတွက် အဆင်ပြေနိုင်ပေမဲ့ ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ Higher Voltage နဲ့ Higher Technology ဖြစ်တဲ့ EV ကားတွေကို အကျွမ်းတဝင်မဖြစ်သေးမှု၊ ကျွမ်းကျင်ပညာရှင်နည်းပါးမှုနဲ့ EV နည်းပညာ အပြည့်အဝလက်ခံရရှိထားခြင်းမရှိသေးမှုတွေကြောင့် တပ်ဆင်ထုတ်လုပ်မှုအပိုင်းကို တိုက်ရိုက်ခွင့်ပြုမပေးသင့်ကြောင်း တတ်သိကျွမ်းကျွင်သူတွေနဲ့ တာဝန်ရှိသူတွေက သုံးသပ်ထားကြပါတယ်။
“EV က Higher Voltage နဲ့ Higher Technology ထဲမှာပါတယ်။ ဘာပဲပြောပြော ကျွန်တော်တို့ဆီမှာ Familiar မဖြစ်သေးဘူး။ အကျွမ်းတဝင်မဖြစ်သေးတဲ့အရာတစ်ခုကို နောက်ပြီးတော့ ကျွမ်းကျင်နည်းပညာရှင်လည်း များများစားစားမရှိသေးဘူး။ နည်းပညာလည်း အပြည့်အဝမရောက်သေးဘူး။ အဲဒီအချိန်မှာ တပ်ဆင်တာရော၊ ထုတ်လုပ်တာရောမှာ တပ်ဆင်ပြီး ထုတ်လုပ်လာတဲ့ကားကို ဘယ်လောက် Warranty ပေးပြီး၊ Safety အတွက်ကို ဘယ်လောက် အာမခံချက်ပေးမလဲဆိုတာက စကားပြောစရာဖြစ်လာတယ်။ အဲဒါက အရေးကြီးတဲ့အချက်ဗျ။ တစ်ဆင့်ခြင်းသွားမှလည်းရမှာ။ အရင်ဆုံးများများသွင်းလာမယ်။ အဲဒီမှာ After Sales Service တွေ၊ After Maintained တွေ၊ အပိုပစ္စည်းတွေအတွကို တာဝန်ယူမယ်။ အဲဒီမှာပြင်မယ်။ ပြင်ပြီးလို့ အဆင်ပြေတယ်ဆိုတယ်ဆိုရင် ဒီလုပ်ငန်းကို Familiar ဖြစ်လာတဲ့အချိန်မှ တပ်ဆင်တဲ့အပိုင်းကို ခွင့်ပြုတာ ပိုပြီးလွယ်ပါတယ်”လို့လည်း ဦးကျော်စွာထွန်းမြင့်က သုံးသပ်ထားပါတယ်။
အထက်ပါအခြေအနေတွေအပြင် လက်ရှိမြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ကမ္ဘာ့အဆင့်မီ EV ကားကုမ္ပဏီကြီးတွေ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံမှုအတွက်က အခွင့်အရေးနည်းပါးတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိလောင်စာဆီသုံးစွဲမှုလျှော့ချနိုင်ရေး EV ကား တင်သွင်းမှုတွေကို ခွင့်ပြုပေးထားတဲ့အခြေအနေမှာတောင် နိုင်ငံခြားငွေလိုအပ်ချက်ရှိနေလို့ ကန့်သတ်ချက်တွေရှိနေရတယ်ဆိုတဲ့ အခြေအနေကိုပါ ရင်ဆိုင်နေရတဲ့ကာလလည်းဖြစ်ပါတယ်။
ဒီလိုအခြေအနေတွေ ရင်ဆိုင်နေရတဲ့အချိန်မှာ တစ်ဖက်မှာကတော့ နိုင်ငံတော်အနေနဲ့ ပြည်ပကနေ EV ကားအစီးလိုက် တင်သွင်းနေတဲ့ CBU ကုမ္ပဏီ ၈၀ ကျော်အထိ ခွင့်ပြုပေးထားပေမဲ့လည်း After Sales Service အပိုင်းကို သတ်မှတ်ချက်နဲ့အညီ ဆောင်ရွက်ပေးနိုင်တဲ့ကုမ္ပဏီက လက်ချိုးရေလို့ရတဲ့အခြေအနေသာရှိနေတာကို တွေ့ရှိရပါတယ်။
ကောင်းမွန်တဲ့မူဝါတွေ အကောင်အထည်ဖော် ဆောင်ရွက်တဲ့အခါမှာ နည်းလမ်းမျိုးစုံနဲ့ ထိခိုက်မှု၊ တိုက်ခိုက်ခံရမှုတွေက အမြဲရှိနေမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဝိသမလောဘသားတွေကြောင့် ဖြစ်တဲ့ထိခိုက်မှုတွေကတော့ အများပြည်သူအကျိုးကို တိုက်ရိုက်ထိခိုက်မှုတွေ ရှိလာနိုင်တာကို သတိချပ်ဖို့ လိုအပ်ပါတယ်။
