
၁၇. ၆. ၂၀၂၅
Translated by Thettant
အမေရိကန်နိုင်ငံ၊ အနောက်ဗာဂျီးနီးယားပြည်နယ်၊ အိုဟိုင်းယိုးကောင်တီတွင် ရုတ်တရက်ရေကြီးမှုကြောင့် နေအိမ်များပျက်စီးကာ လမ်းများလည်း ရေတိုက်စားမှု ဖြစ်ပွားသွားခဲ့ပြီးနောက် သုံးနှစ်သားကလေးငယ်တစ်ဦးအပါအဝင် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့သည်။
ပြီးခဲ့သည့် စနေနေ့က အိုဟိုင်းယိုးကောင်တီတွင် မိနစ် ၃၀ အတွင်း မိုးရေချိန် ၄ လက်မ ရွာသွန်းခဲ့သည့်ဖြစ်စဉ်ကြောင့် သေဆုံးသူများထဲမှ တစ်ဦးမှာ ၃ နှစ်သား ကလေးငယ်ဖြစ်ပြီး တနင်္လာနေ့အထိ ပြည်နယ်၏ အဆိုးရွားဆုံး ထိခိုက်ခံရသည့်ဒေသများတွင် ရေကြီးမှုသတိပေးချက် ဆက်လက်ထုတ်ပြန်ထားဆဲဖြစ်ကာ ပျောက်ဆုံးသူ ၂ ဦးရှိနေသည်။
အိုဟိုင်းယိုးကောင်တီမှ ရဲမှူး နယ်လ်ဆင် ကရော့ဖ်၏ ပြောကြားချက်အရ သေဆုံးကြောင်း အတည်ပြုပြီးသူများမှာ မောင်းဒ်ဗီးလ်မှ မိုက်ကယ် ဗီရိုနစ် အသက် (၇၄) နှစ်၊ ထရိုင်ယာဒဲလ်ဖီးယား မှ လီဆာ မက်မာစတာ အသက် (၅၉) နှစ်၊ မိုက်ကယ် ဘိုကာနိုဗစ်ချ် အသက် (၇၃) နှစ်၊ ကိုင်လေး မင့်ချ် ရှော့တွန် အသက် (၂၆) နှစ်၊ သူမ၏ သမီး ပါကာ ရှော့တွန် အသက် (၃) နှစ် နှင့် ထရဲဗစ် ခရိတ်တန် အသက် (၁၉) နှစ်တို့ ဖြစ်ကြသည်။
ရှော့တွန်မိသားစုသည် ကားထဲတွင်ရှိစဉ် ရေလွှမ်းမိုးခဲ့ခြင်းဖြစ်ကြောင်း ရဲမှူးက ပြောသည်။ အဆိုပါ ဖြစ်ရပ်သည် ထရိုင်ယာဒဲလ်ဖီးယားမြို့၏ အရှေ့ဘက် မိုင်ဝက်ခန့်အကွာ၊ အမျိုးသားလမ်းဟုလည်း သိကြသည့် အမေရိကန် ပြည်ထောင်စုလမ်းမကြီး (၄၀) ပေါ်ရှိ ချောင်းနှစ်ခုဆုံရာ လမ်းဆုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ရေက အရမ်းမြန်မြန်တက်လာလို့ သူတို့ကို မျောပါသွားပုံရတယ်” ဟု ရဲမှူး ကရော့ဖ်က ပြောကြားခဲ့သည်။
Ref , The New York Times
