
◾️ CMP စက်ရုံများတွင် အလုပ်သမားဦးရေ ၇ သိန်းဝန်းကျင်နှင့် ဆက်စပ်လုပ်ငန်းများတွင် လုပ်သား ၁၄ သိန်း လုပ်ကိုင်နေသလို ၎င်းတို့အပေါ် မှီခိုနေသူ မိသားဝင်ဦးရေ ၂၈ သိန်းဝန်းကျင်ရှိဟုပါ အသိပေး
◾ မြန်မာ့ CMP လုပ်ငန်းကဏ္ဍကို နိုင်ငံတကာဈေးကွက်များမှ လုပ်ငန်းအပ်နှံသူ ကုန်အမှတ်တံဆိပ်များသည် ၎င်းတို့သတ်မှတ်ပြဌာန်းသည့် လုပ်ငန်းဆိုင်ရာကျင့်ဝတ်စည်းကမ်းများကို တိကျသေချာစွာ လိုက်နာနိုင်မှသာ အလုပ်အပ်နှံကြဟုပါ ပြော
၁၄. ၆. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံအပေါ် ILO က စောင့်ကြည့်ရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းကြောင့် အလုပ်သမားများစွာ မှီခိုလုပ်ကိုင်နေသည့် CMP လုပ်ငန်းကဏ္ဍအတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) မှ ဇွန်လ ၁၃ ရက်(ယမန်နေ့)တွင် ကြေညာချက် ထုတ်ပြန်ထားသည်။
၂ဝ၂၅ ခုနှစ်၊ ဇွန်လ ၂ ရက်မှ ၁၃ ရက်အထိ ကျင်းပပြုလုပ်သော (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO က မြန်မာနိုင်ငံအပေါ် ILO Constitution Article 33 ကျင့်သုံးမှုအစီအမံများဖြင့် စောင့်ကြည့်ရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းအတွက် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း MGMA အနေဖြင့် အလုပ်သမားများစွာ မှီခိုလုပ်ကိုင်လျက်ရှိသော မြန်မာ့ CMP လုပ်ငန်းကဏ္ဍအတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြထားသည်။
မြန်မာ့ CMP လုပ်ငန်းကဏ္ဍတွင် အထည်ချုပ်လုပ်ငန်း၊ အိတ်ချုပ်လုပ်ငန်း၊ ဖိနပ်လုပ်ငန်းနှင့် လျှပ်စစ်ပစ္စည်း တပ်ဆင်ခြင်းလုပ်ငန်း စသည့်လုပ်ငန်းများ ပါဝင်ပြီး ၎င်းလုပ်ငန်းစက်ရုံများသည် ကုန်ကြမ်းပေး၊ ကုန်ချောယူ (CMP လက်ခစား) စနစ်ဖြင့်လုပ်ကိုင်ကြခြင်းဖြစ်သည်။
CMP လက်ခစားစနစ်မှာ လုပ်ငန်းအပ်နှံသူနှင့် နိုင်ငံတကာကုန်အမှတ်တံဆိပ် (Brand) များက ကုန်ကြမ်းပစ္စည်းနှင့် လိုအပ်သော ဆက်စပ်ပစ္စည်းများ အားလုံးကို ဝယ်ယူပေးပို့၍ (CMP) စက်ရုံတွင် ထုတ်လုပ်ပြီး ကုန်ချောပစ္စည်းကို လုပ်ငန်းအပ်နှံသူနှင့် နိုင်ငံတကာကုန်အမှတ်တံဆိပ်၏ ညွှန်ကြားချက်အတိုင်း သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်တင်ပို့ရသော လုပ်ငန်းဖြစ်သည်။
CMP လုပ်ငန်းတွင် စက်ရုံဘက်မှရသော လက်ခစားတန်ဖိုးမှာ ကုန်သွယ်မှုတန်ဖိုး၏ ပျမ်းမျှ ၁၀ ရာခိုင်နှုန်ခန့်ဖြစ်ပြီး CMP စက်ရုံများတွင် စုစုပေါင်း အလုပ်သမားဦးရေ ၇၀၀,၀၀၀ ဝန်းကျင်နှင့် ဆက်စပ်လုပ်ငန်းများတွင် အဆိုပါ အလုပ်သမားဦးရေ၏ ၂ ဆဝန်းကျင် (၁၄ သိန်းဝန်းကျင်) လုပ်ကိုင်လျက်ရှိပြီး ၎င်းတို့အပေါ် မှီခိုနေသူ မိသားဝင်ဦးရေမှာ ၄ ဆဝန်းကျင် (၂၈ သိန်းဝန်းကျင်) ရှိကြောင်း ဖော်ပြထားသည်။
မြန်မာ့ CMP လုပ်ငန်းကဏ္ဍတွင် သက်ဆိုင်ရာ နိုင်ငံတကာဈေးကွက်များမှ လုပ်ငန်းအပ်နှံသူ ကုန်အမှတ်တံဆိပ်များသည် ၎င်းတို့သတ်မှတ်ပြဌာန်းသည့် လုပ်ငန်းဆိုင်ရာကျင့်ဝတ်စည်းကမ်းများကို CMP စက်ရုံများက တိကျသေချာစွာ လိုက်နာနိုင်မှသာ အလုပ်အပ်နှံကြခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
မြန်မာ့ CMP လုပ်ငန်း အထည်ချုပ်ကဏ္ဍတွင် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း MGMA ၏ အသင်းဝင်စက်ရုံပေါင်း ၅၂၃ ရုံရှိသည့်အနက် ရာခိုင်နှုန်း ၆၀ ခန့်မှာ ဥရောပသမဂ္ဂဈေးကွက်သို့ လည်းကောင်း၊ ရာခိုင်နှုန်း ၂၀ ခန့်မှာ ဂျပန်ဈေးကွက်နှင့် ကျန်ရာခိုင်နှုန်း ၂၀ ခန့်မှာ အခြားဈေးကွက်များသို့လည်းကောင်း တင်ပို့နေခြင်းဖြစ်သည်။
လုပ်သားအင်အား အများအပြားဖြင့် လုပ်ကိုင်ရသော CMP လုပ်ငန်းကဏ္ဍရှိစက်ရုံ အလုပ်ရုံများသည် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း MGMA မှ ဆောင်ရွက်လျှက်ရှိသော ကျင့်ဝတ်စည်းကမ်းလိုက်နာမှု စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုအစီအစဉ်ကို လိုက်နာဆောင်ရွက်ကြရကြောင်း ဖော်ပြထားသည်။
ထိုအပြင် ILO မှ ဆုံးဖြတ်သော Article 33 ၏ အကြံပြုလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေး တိုးတက်မှုကို ရှေးရှု၍ MGMA အနေဖြင့် ILO အပါအဝင် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ ကိုယ်စားလှယ်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။