၁၁.၆.၂၀၂၅
Translated by Htwe Ko Tun
ပါကစ္စတန်နိုင်ငံက အိန္ဒိယနိုင်ငံနှင့် စစ်ရေးအရ တိုက်ခိုက်မှုများ မကြာသေးမီက ဖြစ်ပေါ်ခဲ့ပြီးနောက် ၎င်း၏ကာကွယ်ရေးအသုံးစရိတ်များအား နိုင်ငံ၏လုံခြုံရေးလိုအပ်ချက်အရ တိုးမြှင့်လိုက်ကြောင်း ပါကစ္စတန်အစိုးရက ဇွန်လ ၁၀ ရက်တွင် ကြေညာခဲ့သည်။
အဆိုပါအသုံးစရိတ်က ဇူလိုင်လ ၁ ရက်တွင်စတင်မည့် ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက်ဖြစ်ကာ ကာကွယ်ရေးအသုံးစရိတ်ကို ရူပီး ၂ ဒသမ ၅၅ ထရီလျံ(အမေရိကန်ဒေါ်လာ ၉ ဘီလျံ) အထိ လက်ရှိဘဏ္ဍာရေးနှစ်ထက် ၂၀ ရာခိုင်နှုန်းတိုးမြှင့်ခဲ့ခြင်းဟု သိရသည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အစိုးရ၏စုစုပေါင်းအသုံးစရိတ်က ၁၇ ဒသမ ၅၇ ထရီလျံရူပီးအထိ ၇ ရာခိုင်နှုန်းခန့် လျော့ကျသွားသော်လည်း ကာကွယ်ရေးအသုံးစရိတ်ကိုမူ တိုးမြှင့်ခဲ့ခြင်းလည်းဖြစ်သည်။
ဤကဲ့သို့ ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ခဲ့ခြင်းက လွန်ခဲ့သည့် ဆယ်စုနှစ်သုံးခုအတွင်း နျူကလီးယား လက်နက်ပိုင်အိမ်နီးချင်းနှစ်နိုင်ငံဖြစ်သော အိန္ဒိယနှင့်ပါကစ္စတန်တို့အကြား ဖြစ်ပွားခဲ့သည့် အဆိုးရွားဆုံး ပဋိပက္ခအပြီးတွင် ပါကစ္စတန်စစ်တပ်ကို စွမ်းအားမြှင့်တင်လိုသည့် ဝန်ကြီးချုပ် ရှီဘတ်ဇ်ရှရစ်ဖ်၏ သဘောထားကို ထင်ဟပ်စေခဲ့သည်။
အပစ်အခတ်ရပ်စဲရေးမကြေညာကြမီ မေလအတွင်းကလည်း ၎င်းတို့ အိမ်နီးချင်းနှစ်နိုင်ငံအကြား ငါးကြိမ်မြောက်စစ်ပွဲကို တိုက်လေယာဉ်များ၊ မောင်းသူမဲ့လေယာဉ်များ၊ ဒုံးကျည်များဖြင့် အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ထိုစစ်ပွဲက အိန္ဒိယ ထိန်းချုပ်ထားသော ကက်ရှ်မီးယားနယ်အတွင်း ပါဟယ်လ်ဂမ်မြို့တွင် သေနတ်သမားများက ခရီးသွား ၂၆ ဦးကို မေလအတွင်းက အကြမ်းဖက်သတ်ဖြတ်ခဲ့ကြပြီးနောက် အိန္ဒိယအစိုးရက နောက်ကွယ်မှ ပါကစ္စတန်ပံ့ပိုးနေသည်ဟု စွပ်စွဲကာ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ပါကစ္စတန်ကမူ ထိုစွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။
ဘဏ္ဍာရေးနှစ်ကို ဧပြီလ ၁ ရက်မှ မတ်လ ၃၁ ရက်အထိ သတ်မှတ်ထားသော အိန္ဒိယနိုင်ငံ၏ ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် ကလည်း အမေရိကန်ဒေါ်လာ ၇၈ ဒသမ ၇ ဘီလျံခန့်ရှိရာ ယမန်နှစ်ထက် ၁၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး အနာဂတ်တွင်လည်း ၎င်းအနေဖြင့် ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်သုံးစွဲလာမည်ကိုဖော်ပြနေသည်ဟု ဆိုကြသည်။
Ref- Nikkei Asia, Al Jazeera
