




၉.၆.၂၀၂၅
Written By Thandar
MRTV-4 နဲ့ ကြောင်ကမ္ဘာထုတ်လုပ်ရေးတို့ ပူးပေါင်းတင်ဆက်တဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းပုံစံ “အချစ်ဆုံးသူရဲ့အတ္ထုပ္ပတ္တိ” ဇာတ်လမ်းတွဲ Press Show ပွဲအခမ်းအနားကို ယနေ့ ဇွန်လ ၉ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ အလုံမြို့နယ်ရှိ Zealax Hotel မှာ ကျင်းပခဲ့ပါတယ်။
“ဒီဇာတ်လမ်းတွဲက စာရေးဆရာကြီး နွမ်ဂျာသိုင်းရဲ့နာမည်ကြီး ဝတ္ထုဆိုတော့ ကိုယ့်အတွက်တာဝန်လည်းကြီးပါတယ်။ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးဖြစ်လို့ ဘယ်သူ့ကို ပိုချစ်လဲဆိုတာကိုတော့ ဇာတ်လမ်းလေး ထုတ်လွှင့်တဲ့အခါမှာ ပရိသတ်တွေ သိရမှာပါ။ ကြိုပြောလိုက်ရင် ပရိသတ်တွေ စိတ်ဝင်စားစရာမကောင်းသလိုဖြစ်မှာစိုးလို့ပါ ” လို့ သရုပ်ဆောင် ကောင်းမြတ်စံက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို စာရေးဆရာ နွမ်ဂျာသိုင်းရဲ့ ဝတ္ထုကို ဇာတ်ညွှန်း ဟေမာစန်း၊ ဟိန်းဇော်ဦးနဲ့ အေးချမ်းမွန်တို့က ရေးသားပြီး တွဲဖက်ဒါရိုက်တာ ငြိမ်းကိုသက်(ဇမ္ဗူထွန်း)၊ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်က ရိုက်ကူးမှာဖြစ်ပြီး သရုပ်ဆောင်တွေဖြစ်တဲ့ ကောင်းမြတ်စံ ၊ မုဏ်း ၊ ဆုထက်လှိုင်၊ ဒိယံ၊ ပိုင်သစ်၊ မင်းခန့်ကို၊ ဝသုန်၊ ဒံယေလ၊ ခန့်ကျော်၊ ထူးဝဏ္ဏရှိန်၊ ဆုသဥ္ဇာဟန်၊ သင်းရတီခင်၊ ပန်ဆု၊ ဆောင်းရနံ့၊ နန်းထက်စံ၊ စိုးစံ၊ ချစ်ခွန်းချို၊ အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ မေသဥ္ဇာဦး၊ လှမျိုးသဥ္ဇာနွယ်၊ နန်းရွှေရည်၊ မိုခမ်း၊ သင်းဝတ်ရည်ထွန်း၊ ဇင်မျိုး၊ ဦးထူးသာ၊ ဦးဝင်းမြိုင်၊ ခေတ်ဇွဲသစ်၊ ဒေါ်ခင်အုန်းမြင့်၊ သဥ္ဇာထက်၊ သျှားစု၊ ယွန်းပိုးဖြူ၊ လင်းလက်၊ (ကလေးသရုပ်ဆောင်) အားကိုးရာ၊ အိမ်ဂျယ်၊ နေခြည်ဝင်းလက် တို့ပါဝင်ထားကြပါတယ်။
“အချစ်ဆုံးသူရဲ့အတ္ထုပ္ပတ္တိ” ဇာတ်လမ်းတွဲကို လာမယ့် ဇွန်လ ၁၃ ရက်နေ့က စပြီး အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိ ည ၇ နာရီတိုင်းမှာ MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်ပြသပေးမှာဖြစ်ပါတယ်။