
၉.၆.၂၀၂၅
Written By Zun
ဒုဌဝတီမြစ်ရေမြင့်တက်လာသောကြောင့် အင်းဝမြို့ဟောင်း အိုးတုတ်တန်း ဒေသခံအချို့ကိုအရေးပေါ် ရွှေ့ပြောင်း နေကြရကြောင်း သိရသည်။
ယင်းအပြင် မြစ်ကမ်းပါးလည်းပြိုကျမှုများရှိနေကြောင်း၊ ပြီးခဲ့သည့် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ပြင်းအားမြင့် မန္တလေးငလျင်ကြီးကြောင့် အဆိုပါ အင်းဝမြို့ဟောင်း၏ အရှေ့မြောက်ပိုင်းရှိ အိုးတုတ်တန်းကျေးရွာတွင် မြေအက်ကွဲပြိုကျမှုများ ရှိခဲ့သည့်အတွက် မြစ်ရေမြင့်တက်လာစဉ် မြေအက်ကွဲကြောင်းများထဲသို့ ရေဝင်ရောက်ကာ ပြိုကျခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ မြစ်ကမ်းအနီးနေထိုင်ကြသည့် နေအိမ် အလုံး ၅၀ ကျော်တွင် နေထိုင်ကြသူများအနေဖြင့် အင်းဝမြို့ဟောင်းအတွင်း ဘေးကင်းရာနေရာများသို့ ယာယီပြောင်းရွှေ့နေကြရကြောင်းလည်း သိရသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဧရာဝတီမြစ်ရေသည် မန္တလေးဆိပ်ကမ်းတွင် စိုးရိမ်ရေအမှတ်ရောက်ရှိရန် (၅)ပေခွဲခန့် သာလိုတော့ကြောင်း၊ ယနေ့ ဇွန်လ (၉)ရက်၊ နံနက် (၆)နာရီခွဲတိုင်းထွာချက်အရ မန္တလေးဆိပ်ကမ်း စိုးရိမ်ရေအမှတ် (၁၂၆၀) စင်တီမီတာဖြစ်ရာ ထိုတိုင်းတာချက်တွင် (၁၀၈၂) စင်တီမီတာသို့ ရောက်ရှိနေကြောင်း သိရသည်။

အလားတူ ဒုဌဝတီ မြစ်ရေသည်လည်း ရွှေစာရံတွင် စိုးရိမ်ရေမှတ်အောက် (၃၇၉) စင်တီမီတာ၊ မြစ်ငယ်တို့တွင် စိုးရိမ်ရေမှတ်အောက် (၇၂၂) စင်တီမီတာတို့တွင် ရှိနေကြောင်း သိသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပြီး အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် ဇွန်လ (၁၅) ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေ ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သောကြောင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရန်နှင့် ပြည် တွင်းရေကြောင်း သွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးနှိုးဆော်ထားကြောင်း သိရသည်။
ပုံစာ။ မန္တလေးငလျင်ကြီးကြောင့် ဖြစ်ပေါ်ခဲ့သော အက်ကြောင်းများ (Photo – CJ)