
၈.၆.၂၀၂၅
Written By Zun
တရုတ်နိုင်ငံသို့ မူးယစ်ဆေး မှောင်ခိုကူးသည့်အဖွဲ့ ကို UWSA က ဖမ်းဆီး၍ လွှဲပြောင်းပေးခဲ့ကြောင်း ယနေ့ ဇွန်လ ၈ ရက်တွင် “ဝ” ပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) က ထုတ်ပြန်ထားသည်။
ဖမ်းမိသည့်အဖွဲ့ကို မူးယစ်ဆေးဝါးများနှင့်အတူ ယနေ့ ဇွန်လ (၈) ရက်က တရုတ်နိုင်ငံဘက်သို့ “ဝ” တရုတ်နယ်စပ်ရှိ မန်အာဆိပ်ကမ်းတွင် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း WSP (Wa Special Police) က ဖော်ပြထားသည်။

မူးယစ်ဆေးများမှာ စိတ်ကြွဆေးပြား ၇၂၇ ဒသမ ၅ ကီလိုဂရမ်၊ ဘိန်း ၆ ဒသမ ၂ ကီလိုဂရမ်၊ ဘိန်းဖြူ ၁၉ ကီလို၊ Ephedrine ဝ ဒသမ ၅ ကီလိုဂရမ်၊ သံသယဖြစ်ဖွယ် မူးယစ်ဆေးဝါး ဝ ဒသမ ၃ ကီလိုဂရမ်နှင့် ဆေးဝါး ၆၅ ပုလင်းတို့ ဖြစ်ကြောင်း သိရသည်။
“ဝ” ပြည်နယ်၊ နယ်စပ်ဒေသက တစ်ဆင့် တရုတ်နိုင်ငံဘက်သို့ မူးယစ်ဆေးဝါး မှောင်ခိုကူးသူများအား”ဝ” ပြည်နယ် တရားစီရင်ရေး ကော်မတီနှင့် တရုတ်အစိုးရပူးပေါင်းပြီး နှိမ်နှင်း ဖမ်းဆီးခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းတို့အနေဖြင့် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးမှုခင်းများနှင့် ပတ်သက်၍ အဆိုပါ ဆေးဝါး မှောင်ခိုမှုကြီးကို အောင်အောင်မြင်မြင် နှိမ်နင်းနိုင်ရန် တရုတ်ရဲ တပ်ဖွဲ့များနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
မူးယစ်ဆေးများကို နိုင်ငံရပ်ခြားတွင် တစ်ဆင့် ထုတ်လုပ်ပြီး တရုတ်နိုင်ငံသို့ ခိုးသွင်းရန် လုပ်ဆောင်နေကြောင်း သတင်းအရ တရုတ်နိုင်ငံ အစိုးရ၏ သက်ဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့များ ပံ့ပိုးကူညီပေးခဲ့ကြောင်း၊ ယင်းနောက် “ဝ”ပြည်နယ် တရားရေး ကော်မတီဘက်က အမှုကိုအမြန်ဆုံး စုံစမ်းစစ်ဆေးရာတွင်မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကို အနီးကပ် စောင့်ကြည့်ခဲ့ပြီး မှောင်ခိုသယ်ယူပို့ဆောင်ရေး၏ အဓိကဆုံမှတ်များကို စုံစမ်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“ဝ” ပြည်နယ်အနေဖြင့် မူးယစ်ဆေးဝါး မှုခင်းများ၏ အဓိကနေရာမဟုတ်ကြောင်း၊ နယ်စပ်ထိန်းချုပ်ရေး၊ မူးယစ်ဆေးဝါးမှုခင်းမျိုးစုံကို နှိမ်နင်းနိုင်ရေးနှင့်ဒေသတွင်းလုံခြုံရေး တည်ငြိမ်ရေးကို ပြတ်ပြတ်သားသား ဆက်လက် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်းနှင့် လက်ရှိ အာဆီယံဥက္ကဋ္ဌ၏ အကြံပေး သက်ဆင်က ထိုင်းနိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးများ တင်ပို့နေသည့်ဖြစ်ရပ်အတွက် UWSA တွင် တာဝန်ရှိကြောင်း၊ မူးယစ်ဆေးဝါး ဖြန့်ဖြူးနေသည့် UWSA ကို မြန်မာ၊ လာအိုအစိုးရတို့နှင့် ပူးပေါင်း နှိမ်နင်းမည်ဖြစ်ကြောင်း ကြုံးဝါးပြီးနောက် ယခုကဲ့သို့ UWSA ၏ မူးယစ်ဆေး ဖမ်းဆီးမှုသတင်း ထွက်လာခဲ့ခြင်းလည်းဖြစ်သည်။