
၈. ၆. ၂၀၂၅
Translated by Thettant
ကိုလံဘီယာအထက်လွှတ်တော်အမတ်နှင့် သမ္မတလောင်းဖြစ်နိုင်ခြေရှိသူ မီဂွဲလ် အူရိုက်ဘ် တာဘေးသည် စနေနေ့က ဘိုဂိုတာ၌ မဲဆွယ်ချိန် ၁၄ နှစ်သားလူငယ်၏ သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် အသက်လုခဲ့ရသော ကနဦးခွဲစိတ်ကုသမှုကို အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း ၎င်း၏ ဇနီးနှင့် ကုသပေးနေသည့် ဆေးရုံက ပြောကြားခဲ့သော်လည်း အထူးကြပ်မတ်ကုသဆောင်တွင် ဆက်လက်ရှိနေဆဲဖြစ်သည်။
အသက် ၃၉ နှစ်အရွယ် အူရိုက်ဘ်သည် လက်ရှိအာဏာရအစိုးရအပေါ် ဝေဖန်နေသည့် လက်ယာယိမ်း Democratic Center party ၏ အတိုက်အခံအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဘိုဂိုတာမြို့တော်၊ ဖွန်တီဘန်ရပ်ကွက်ရှိ ပန်းခြံတစ်ခုတွင် ယမန်နေ့ညနေက မဲဆွယ်ပွဲပြုလုပ်နေစဉ် ပစ်ခတ်ခံရရာမှ ဦးခေါင်းကို သေနတ်နှစ်ချက်၊ ပေါင်ကိုတစ်ချက် ထိမှန်ခဲ့သည်။
လူမှုကွန်ရက် ရုပ်သံများတွင်လည်း အူရိုက်ဘ် မဲဆွယ်နေချိန် ပစ်ခတ်သံအချက်များစွာ ကြားလိုက်ရပြီး ခွေကျသွားသည်ကို တွေ့ခဲ့ရသလို လူအများက ကြောက်လန့်တကြား အော်ဟစ်ထွက်ပြေးနေသည်ကိုလည်း တွေ့ခဲ့ရသည်။
ပစ်ခတ်မှုဖြစ်စဥ်အပြီး အသက် ၁၅ နှစ်အောက် လူငယ်တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ရှေ့နေချုပ်ရုံးက စနေနေ့က ထုတ်ပြန်ချက်တစ်စောင်တွင် ပြောကြားခဲ့ပြီး သံသယတရားခံကို ၉ မီလီမီတာ ဂလောခ် အမျိုးအစား ပစ္စတိုတစ်လက်ဖြင့် ဖမ်းမိကြောင်းလည်း ပြောခဲ့သည်။ အဆိုပါဖြစ်ရပ်တွင်
အခြားဖြစ်နိုင်ခြေရှိသော တိုက်ခိုက်သူများရှိမရှိကို အစိုးရက စုံစမ်းစစ်ဆေးနေသည်ဟု ဆိုထားပြီး လက်ရှိအာဏာရယူထားသော Historic Pact for Colombia ပါတီ၏ လက်ဝဲယိမ်းသမ္မတ ဂူစတာဗိုပတ်ထရိုက စနေနေ့နှောင်းပိုင်း မှတ်ချက်များတွင် တိုက်ခိုက်ရန် အမိန့်ပေးသူကို စုံစမ်းစစ်ဆေးရန် တိုက်တွန်းခဲ့သည်။

ကိုလံဘီယာနိုင်ငံ၏ ၂၀၂၆ ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများ စတင်နေပြီဖြစ်ပြီး ထင်ရှားသော နိုင်ငံရေးမိသားစုမှ ဆင်းသက်လာသူဖြစ်သော်လည်း အူရိုဘ်သည် လူသိများထင်ရှားသူမဟုတ်သေးချေ။ ထို့အတွက် တိုက်ခိုက်မှုတွင် ၎င်းကို အဘယ်ကြောင့် ပစ်မှတ်ထားခဲ့သည်ကိုလည်း ရှင်းလင်းမှု မရှိသေးပေ။ ထို့အတူ အူရိုက်ဘ်က လုံခြုံရေးတိုးတက်ကောင်းမွန်စေရန် လိုအပ်ကြောင်းနှင့် နိုင်ငံ၏ပဋိပက္ခတွင် ကိုယ်တိုင်ခံစားခဲ့ရကြောင်း ပြောဆိုခဲ့သလို ၎င်း၏ပါတီမှ အခြားသော အလားအလာရှိသည့် ကိုယ်စားလှယ်လောင်းများစွာကလည်း ရာဇဝတ်မှုများကို ဖြေရှင်းရန် အရေးယူဆောင်ရွက်ရမည်ဟုလည်း ပြောဆိုခဲ့ကြသည်။
အူရိုဘ်၏ အဘိုးသည် ၁၉၇၈ မှ ၁၉၈၂ ခုနှစ်အထိ သမ္မတဖြစ်ခဲ့ပြီး ၎င်း၏မိခင် သတင်းစာဆရာမ ဒိုင်ယာနာတာဘေးကို ၁၉၉၀ ပြည့်နှစ်တွင် မူးယစ်ရာဇာ ပါ့ဘလို အက်စ်ကိုးဘား၏ လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့က ပြန်ပေးဆွဲပြီး ၁၉၉၁ ခုနှစ်တွင် ကယ်ဆယ်ရေးလုပ်ငန်းစဉ်အတွင်း သတ်ဖြတ်ခဲ့သည်။
“အူရိုက်ဘ် ခွဲစိတ်ခန်းက ထွက်လာပြီ။ သူ အသက်ရှင်တယ်။ နာရီတိုင်းက အရေးကြီးတဲ့ နာရီပဲ။ သူ ပထမဆုံးတိုက်ပွဲကို တိုက်ခဲ့ပြီး အောင်မြင်ခဲ့တယ်။” ဟု ၎င်း၏ဇနီး မာရီယာ ကလော်ဒီယာ တာရာဇိုနာက တနင်္ဂနွေနေ့တွင် ဒေသတွင်းမီဒီယာများကို ပြောကြားခဲ့သည်။
ထို့အတူ အူရိုက်ဘ်ကို ကုသခဲ့သည့် Santa Fe Foundation ဆေးရုံက ထုတ်ပြန်ချက်တွင် အူရိုက်ဘ်ကို ခေါင်းနှင့် ဘယ်ဘက်ပေါင် ခွဲစိတ်ကုသမှုများ ပြုလုပ်ခဲ့ရကြောင်း၊ ဆရာဝန်များက ၎င်း၏ အခြေအနေကို တည်ငြိမ်အောင် ကြိုးပမ်းနေစဉ် အထူးကြပ်မတ်ကုသဆောင်တွင် ဆက်လက်ရှိနေကြောင်း ဖော်ပြခဲ့သည်။
အူရိုက်ဘ်၏ပါတီက ထုတ်ပြန်ချက်တွင် လက်နက်ကိုင်သူများက ၎င်းကို နောက်မှ ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန် ပြောကြားခဲဲ့ပြီး လူမှုမီဒီယာပေါ်ရှိ ဗီဒီယိုများတွင် အူရိုက်ဘ်အား သေနတ်ဖြင့်
ပစ်ခတ်ခံရပြီးနောက် ပြုစုစောင့်ရှောက်နေသည်ကို ပြသခဲ့သလို ၎င်း၏ခေါင်းမှ သွေးထွက်နေသည်ကို တွေ့ရသည်။
အူရိုက်ဘ်ကဲ့သို့ ဖြစ်စဥ်မျိုး ကြုံတွေ့ဖူးပြီး ၁၉၈၉ ခုနှစ်တွင် သမ္မတလောင်းဖခင် လုပ်ကြံခံခဲ့ရသည့်
ဘိုဂိုတာမြို့တော်ဝန် ကာလို့စ် ဂလန်က ဆေးရုံအပြင်ဘက်တွင် ပစ်ခတ်မှုဖြစ်စဥ်အပြီး ညတွင်းချင်း သတင်းထောက်များကို ပြောကြားခဲ့ရာတွင် ဘိုဂိုတာရှိ ကိုယ်စားလှယ်လောင်းများအားလုံးနှင့် အူရိုက်ဘ် ၏မိသားစုအတွက် ကာကွယ်မှုတိုးမြှင့်ပေးရန် တောင်းဆိုထားကြောင်း ပြောကြားခဲ့သည်။
ကိုလံဘီယာအစိုးရသည် အူရိုက်ဘ်ပစ်ခတ်ခံရသည့် အမှုနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ပေးနိုင်သူအား ဒေါ်လာ ၇၃၀,၀၀၀ ခန့် ဆုကြေးပေးမည်ဖြစ်ကြောင်း ကြေညာခဲ့ကြီး “လက်ရှိအချိန်အထိ ယူဆချက်တွေပဲ ရှိပါသေးတယ်” ဟု သမ္မတပတ်ထရိုက ပြောကြားခဲ့ကာ လုံခြုံရေးဆိုင်ရာ ချို့ယွင်းချက်များကိုလည်း စုံစမ်းစစ်ဆေးမည်ဟု ထပ်လောင်းပြောကြားခဲ့သည်။
ထို့အပြင် ပတ်ထရိုက လူမှုကွန်ရက် X တွင် အူရိုက်ဘ်၏မိသားစုနှင့် ထပ်တူဝမ်းနည်းကြောင်း ဖော်ပြခဲ့သလို ဘိုဂိုတာမြောက်ပိုင်းရှိ ဆေးရုံအပြင်ဘက်တွင် လူများစုဝေးကာ ဖယောင်းတိုင်မီးထွန်းညှိပြီး ဆုတောင်းခဲ့ကြပြီး အချို့က ကိုလံဘီယာအလံများကို ကိုင်ဆောင်ခဲ့ကြကာ ယနေ့ တနင်္ဂနွေနေ့တွင် ထောက်ခံပွဲချီတက်ပွဲကို စီစဉ်လုပ်ဆောင်ခဲ့ကြသည်။
ထို့အတူ ယနေ့ တနင်္ဂနွေနေ့တွင် ဘရာဇီး၊ အီတလီ၊ စပိန်၊ ဥရုဂွေးနှင့် ပါရာဂွေးအပါအဝင် နိုင်ငံများစွာက အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုကို ရှုတ်ချခဲ့ကြပြီး ဗင်နီဇွဲလားအစိုးရနှင့် အတိုက်အခံများကလည်း ရှုတ်ချခဲ့သည်။
ယင်းအပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက အူရိုက်ဘ်ကို လုပ်ကြံရန်ကြိုးပမ်းမှုကို အမေရိကန်က “အပြင်းထန်ဆုံးနည်းလမ်းဖြင့် ရှုတ်ချသည်” ဟု ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပြီး ကိုလံဘီယာသမ္မတ ပတ်ထရို၏ “ရိုင်းစိုင်းသောစကားများ” ကြောင့် အကြမ်းဖက်မှုဖြစ်ပွားရသည်ဟုလည်း ပြစ်တင်ပြောကြားခဲ့သည်။
ပတ်ထရိုသည် ယခုနှစ်အစောပိုင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ပြည်ပနိုင်ငံသားများပြန်ပို့သည့် မူဝါဒများကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သော်လည်း ထရမ့်ပ်က အကောက်ခွန်နှင့် ပိတ်ဆို့အရေးယူမှုများ ချမှတ်မည်ဟု ခြိမ်းခြောက်ပြီးနောက်ပိုင်းတွင် ပြောဆိုမှုနည်းပါးခဲ့သည်။
ကိုလံဘီယာနိုင်ငံသည် လက်ဝဲယိမ်းသူပုန်များ၊ လက်ယာယိမ်းစစ်တပ်မှ ဆင်းသက်လာသည့် ရာဇဝတ်ဂိုဏ်းများနှင့် အစိုးရတို့အကြား ပဋိပက္ခတွင် ဆယ်စုနှစ်များစွာကြာအောင် နစ်မွန်းနေခဲ့ရသည်။
Ref, Reuters
