
၈.၆.၂၀၂၅
Written By Thandar
Mahar Application က ပြသမယ့် အချစ်၊ အလွမ်း၊ အမုန်း၊ အငြိုး၊ ကလဲ့စားတွေပါဝင်တဲ့ “အချစ်မှာ အပြစ်ရှိသည်” ဇာတ်လမ်းတွဲ စာနယ်ဇင်းမိတ်ဆက်ပွဲကို ဇွန်လ ၇ ရက် ညနေပိုင်းက ရန်ကုန်မြို့ Inya Lake Hotel မှာ ကျင်းပခဲ့ပါတယ်။
“အချစ်မှာ အတ္တမရှိရင် ကောင်းပါတယ်။ တကယ်တော့ အချစ်မှာ အတ္တတွေပါရင် ဘယ်အရာမှ မကောင်းပါဘူး။ ကိုမြင့်မြတ်နဲ့ မိုးဟေကို ရိုက်တဲ့ ဇာတ်ဝင်ခန်းတွေမှာ အမှတ်တရတွေ တော်တော်လေးများပါတယ်” လို့ ဒါရိုက်တာ အကယ်ဒမီ ကိုဇော် (အရုဏ်ဦး)က ပြောပါတယ်။
အဆိုပါ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ညီအောင်ညီနဲ့ သုတတို့ကရေးသားပြီး ရိုက်ကွင်းဇာတ်ညွှန်း ညာလက်တော်၊ တွဲဖက်ဒါရိုက်တာ နေလင်း၊ ဒါရိုက်တာ အကယ်ဒမီ ကိုဇော်(အရုဏ်ဦး)က သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ မြင့်မြတ်၊ ချာလီ၊ မိုးဟေကို၊ ဆောင်းဝတ်ရည်မေ၊ မင်းသူ၊ ကျော်ထက်၊ နေဆန်း၊ ဘုန်းလျှံ၊ ဇင်မျိုး၊ ဒေါင်းဝေ၊ ခွန်းနေကြည်ချို၊ လှမျိုးသဥ္ဇာနွယ်၊ မိုးခမ်း၊ ရွှေအိမ်မင်း၊ စင်သီယာ၊ ဟန်လေး စတဲ့သူတွေနဲ့ ရိုက်ကူးထားပါတယ်။
“ဒီကားက ကျွန်တော်နဲ့ မဟာရိုက်ဖြစ်တဲ့ ဒရာမာဒုတိယမြောက်ကားလည်းဖြစ်ပါတယ်။ ဒီကားမှာ ကိုယ်က အချစ်တွေများနေတဲ့ကောင်လေးပေါ့။ အချစ်ကတော့ အမနဲ့ ညီမ နှစ်ယောက်ကို ချစ်တာပေါ့နော်။ ဇာတ်လမ်းလေးက ဒရာမာရသတစ်မျိုးတည်း မဟုတ်ဘူး ရသစုံပေးထားတဲ့ ဇာတ်လို့လည်းပြောလို့ရပါတယ်”လို့ သရုပ်ဆောင် မြင့်မြတ်က ပြောပါတယ်။
အပိုင်း ၂၃ ပိုင်းပါဝင်တဲ့ “အချစ်မှာ အပြစ်ရှိသည်”ဇာတ်လမ်းတွဲကိုတော့ မေလ ၃၁ ရက်ကတည်းက အပတ်စဉ် သောကြာနေ့ကနေ တနင်္လာနေ့အထိ ည ၆ နာရီတိုင်းမှာ Mahar Application နဲ့ Mahar TV Channel က ထုတ်လွှင့်ပြသနေတာလည်း ဖြစ်ပါတယ်။