
၇.၆.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရန့်နဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန် တို့ ဟာ ဇွန်လ ၅ ရက်က ဖုန်းနဲ့ဆက်သွယ်စကားပြောခဲ့ကြပြီးနောက် ဇွန်လ ၆ ရက်မှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က နှစ်ဖက်တာဝန်ရှိသူတွေဟာ နှစ်နိုင်ငံအကြားကုန်သွယ်ရေးနဲ့ပတ်သက်လို့ ယူနိုက်တစ်ကင်းဒမ်းနိုင်ငံ၊ လန်ဒန်မြို့မှာ ဇွန်လ ၉ ရက်မှာ တွေ့ဆုံဆွေးနွေးကြမယ်လို့ ပြောကြားခဲ့ ပါတယ်။
ထရန့်က Truth Social လူမှုကွန်ရက်မှာ အမေရိကန်နိုင်ငံဘက်က ကိုယ်စားလှယ်တွေအနေနဲ့ ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်၊ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဟောဝပ် လပ်နစ်နဲ့ အမေရိကန် နိုင်ငံရဲ့ကုန်သွယ်ရေးကိုယ်စားလှယ် သံအမတ် ဂျမီဆန် ဂရီယာ တို့ဟာ တရုတ်နိုင်ငံက ကိုယ်စားလှယ်တွေနဲ့ ဇွန်လ ၉ ရက်မှာ လန်ဒန်မှာတွေ့ဆုံပြီး ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ်ရရှိဖို့ ဆွေးနွေးကြမှာကို ကြေညာရလို့ ကျွန်တော် အလွန်ပဲ ဝမ်းသာပီတိဖြစ်ရတယ် လို့ဆိုခဲ့ပါတယ်။
ဇွန်လ ၅ ရက်မှာ သမ္မတနှစ်ဦးဟာ မိနစ် ၉၀ ကြာဖုန်းအတွင်းမှာပြောခဲ့ပြီးနောက်မှာပဲ ဒေါ်နယ်ထရန့်က လက်ရှိ နှစ်နိုင်ငံကြားဖြစ်ပေါ်နေတဲ့ ကုန်သွယ်ရေးတင်းမာမှုတွေ မကြာခင်ဖြေရှင်းနိုင်လိမ့်မယ်လို့ သူ့အနေနဲ့ အားတက်မိတယ်လို့ ပြောခဲ့ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ အမေရိကန်အစိုးရနဲ့ တရုတ်အစိုးရတို့အကြား ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို မေလ ၁၂ ရက်ကနောက်ဆုံးပြုလုပ်ခဲ့ကြတာပါ။ အဲဒီ အစည်းအဝေးမှာ နှစ်ဘက် ကိုယ်စားလှယ်တွေဟာ နှစ်နိုင်ငံအပြန်အလှန် ပြဌာန်းထားကြတဲ့ ကုန်သွယ်စည်းကြပ်ခွန်တွေကို သိသိသာသာ ပြန်လည်ရုပ်သိမ်းပေးမယ်လို့ ကြေညာခဲ့ကြပါတယ်။
ဒီနောက်မှာတော့ အခွန်စည်းကြပ်မှုတွေကို နှစ်ဖက်လျှော့ချပေးမှုတွေ ရက် ၉၀ အထိ ပြုလုပ်သွားကြဖို့ မေလအတွင်းမှာ သဘောတူညီခဲ့ပါတယ်။
ဇွန်လ ၉ ရက်မှာ ပြုလုပ်မယ့် ဆွေးနွေးပွဲမှာတော့ ကမ္ဘာ့စီးပွားရေးအင်အားကြီးနှစ်နိုင်ငံအကြား ကုန်သွယ်ရေးတင်းမာမှုကိုလျှော့ချနိုင်ဖို့ ဘယ်လိုသဘောတူညီချက်တွေ ထပ်မံရနိုင်မလဲ ဆက်လက် စောင့်ကြည့်ရမှာပါ။
Ref , CNN
