
၅.၆ .၂၀၂၅
Written by Thiri
မန္တလေးတိုင်း ဒေသကြီး၊ ညောင်ဦးမြို့နယ်မှာ ဧရာဝတီမြစ်ရေ အလျင်အမြန်တိုးလာနေတဲ့အတွက် ဧရာဝတီမြစ်ကမ်းဘေးနေထိုင်ကြတဲ့ မိဘပြည်သူ တွေအနေနဲ့ မြစ်ရေကြီးခြင်း သတိ ပေးချက်နဲ့ ပတ်သက်လို့ ရေကြီးရေလျှံမှုဖြစ်စဥ်တွေ ကြိုတင်သတိပြု ပြင်ဆင်နိုင်ဖို့ ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့က သတိပေးနှိုးဆော်နေပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ မြစ်ရေသတိပေးချက် ထုတ်ပြန်ကြေညာရာမှာ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ထုတ်ပြန်ချက်အရ ညောင်ဦးမြို့ရဲ့ ဧရာဝတီမြစ်ရေဟာ နောက် ၅ ရက်အတွင်း ၁၄ ပေမှ ၁၈ ပေအထိ လက်ရှိရေအမှတ်အထက် မြင့်တက်လာနိုင်ကြောင်း ထုတ်ပြန်ကြေညာထားသလို ဒီကနေ့ မြန်မာစံတော်ချိန် မနက် ၆ နာရီခွဲက မြစ်ရေသတိပေးချက် ထုတ်ပြန်ရာမှာလည်း ဧရာဝတီမြစ်ရေရဲ့ ညောင်ဦးမြို့ စိုးရိမ်ရေမှတ်က ၂၁၂၀ စင်တီမီတာ ဖြစ်ပြီး လက်ရှိမှာ ၁၈၆၀ စင်တီမီတာကို ရောက်ရှိနေကာ နောက် ၂၄ နာရီအတွင်း ၆၁ စင်တီမီတာကို တိုးမြင့်လာနိုင်တယ်လို့ ကြေညာထားပါတယ်။

ညောင်ဦးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးတင့်နိုင်ဝင်းက ” လက်ရှိတော့ ဧရာဝတီမြစ်ရေက မြစ်ကမ်းပြည့်ယုံပေါ့။ ဇလုတ်တိုက်နေပြီ။ ဒီရေ အတက်အကျအချိန်မှာ အနိမ့်ပိုင်း ရပ်ကွက်တွေထဲ ရေဝင်ယုံလောက်အခြေအနေပါပဲ။ ဒါပေမယ့် သဘာဝဘေးဆိုတာက ခန့်မှန်းလို့ မရတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နဲ့ ပူးဆောင်ရွက်နေပါတယ်။ လိုအပ်လာရင် မီးသတ်တပ်ဖွဲ့ရဲ့ ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေနောက်ကနေ ရှေးဦးသူနာပြုလုပ်ငန်းစဉ်တွေ လိုက်ပါဆောင်ရွက်ဖို့ အသင့်ပြင်ဆင်ထားပါတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
မနေ့က ဇွန်လ ၄ ရက်နေ့က ညောင်ဦးမီးသတ်တပ်ဖွဲ့ဦးဆောင်ပြီး မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်မှာ နှစ်စဥ်မြစ်ရေဝင်ရောက်လေ့ရှိတဲ့ ရပ်ကွက်တွေဖြစ်တဲ့ ညောင်ဦးမြို့၊ အမှတ် ၁/၂/၄/၅/၇ ရပ်ကွက်တွေဆီ ကြိုတင်ကွင်းဆင်းသွားရောက်ကာ ညောင်ဦးခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဝန်ထမ်းများ၊ ညောင်ဦးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများနှင့်ပူးပေါင်းပြီး မြစ်ရေကြီးခြင်း သတိပေးကြေညာချက်ကို အများပြည်သူ သိရှိပြင်ဆင်နိုင်ဖို့ မီးသတ်ယာဥ် တစ်စီးနဲ့ လှည့်လည် ကြေညာအသိပေးခြင်း၊ ကမ်းနားရပ်ကွက်လူနေအိမ်တွေနဲ့ စက်လှေဆိပ်တွေရှိ ပြည်သူတွေကို ညောင်ဦးခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဖြန့်ဝေတဲ့ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာဆောင်တွေဖြန့်ဝေတာတွေကိုလည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဧရာဝတီမြစ်ရေက ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေမှာ မြစ်ကြီးနားမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ၆ စင်တီမီတာခန့် ကျော်လွန်ရောက်ရှိခဲ့ပြီး မြစ်ကမ်းနားရပ်ကွက်တွေထဲ ရေဝင်ရောက်မှု ဖြစ်ပွားခဲ့ပါတယ်။ အခု လက်ရှိမှာတော့ မြစ်ရေ အခြေအနေက မြစ်ကြီးနားမြို့မှာ ပုံမှန်အနေအထားကို ပြန်လည်ရောက်ရှိနေပြီဖြစ်ကာ အထက်ဘက်ကနေ အောက်ဘက်ကို ဧရာဝတီမြစ်စီးဆင်းရာ ရပ်ရွာတချို့ရဲ့ မြစ်ရေအခြေအနေကိုလည်း မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်အသိပေးနေပါတယ်။
ညောင်ဦးမြို့က နှစ်စဉ် မိုးဦးနဲ့ မိုးနှောင်းကာလတွေအတွင်း ရေကြီးရေလျှံမှုကို ရက်သတ္တပတ်အတော်ကြာအောင် ကြုံတွေ့ရလေ့ရှိပြီး ဝက်ကြီးအင်း ချောင်းရိုးတစ်လျှောက်က ရပ်ကွက်တွေမှာ အရေးပေါ်ကယ်ဆယ်ရွှေ့ပြောင်းရတဲ့ အခြေအထိ ဒီနှစ်ပိုင်းတွေ ကြုံတွေ့လာရတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။ သက်ဆိုင်ရာဌာနများအနေနဲ့လည်း အဆိုပါမြစ်ရေကြီးမှုဖြစ်စဥ်နဲ့ ပတ်သက်လို့ ယာယီရေဘေးရှောင်စခန်းတွေအသင့်ရှိစေရေး၊ ရိက္ခာနဲ့ အသုံးအဆောင်တွေထောက်ပံ့နိုင်ရေး၊ ကူညီရွှေ့ပြောင်းရေး၊ သယ်ယူပို့ဆောင်ရေးတို့အတွက် အသီးသီးအဆင်သင့်ဖြစ်စေဖို့ ကြိုတင်စီမံထားရှိပြီးဖြစ်ကြောင်းလည်း သိရှိရပါတယ်။
