
၃.၆.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရန့် က အမေရိကန်နိုင်ငံတွင်းသို့ ဝင်ရောက် ခရီးသွားလာမှု ပိတ်ပင်တဲ့နိုင်ငံ ၁၂ နိုင်ငံနဲ့ ခရီးသွားလာမှု တစ်စိတ်တစ်ပိုင်း ကန့်သတ်မှုတွေ ပြုလုပ်ခဲ့တဲ့ နိုင်ငံ ခုနစ်နိုင်ငံတို့ကို ဇွန်လ ၄ ရက်က အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး ဒီလိုလုပ်ဆောင်ခဲ့ရမှုရဲ့ အကြောင်းရင်းတွေကိုလည်း ပြောကြားခဲ့တယ်လို့ ဇွန်လ ၅ ရက် သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ဒီလို ခရီးသွားပိတ်ပင်မှုနဲ့ ကန့်သတ်မှုတွေ ပြုလုပ်ခဲ့တဲ့ အကြောင်းတွေမှာ ထိုနိုင်ငံတွေအတွင်း ခရီးသွားတွေကို စိစစ်မှုလျော့ရဲတာ၊ နိုင်ငံတွေရဲ့ နယ်မြေအတွင်း သိသာထင်ရှားတဲ့ အကြမ်းဖက် သမားတွေတည်ရှိနေတာ၊ ပြည်နှင်ဒဏ်ခံရတဲ့ နိုင်ငံသားတွေ ဒါမှမဟုတ် အမေရိကန်မှာသူတို့ရဲ့ ပြည်ဝင်ခွင့် ဗီဇာသက်တမ်း ကျော်လွန်နေထိုင်သူတွေကို ပြန်လည်လက်ခံဖို့ အစိုးရက လုံလောက်တဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတာ စတဲ့ စွပ်စွဲချက်တွေ ပါဝင်ပါတယ်။
အမေရိကန်နိုင်ငံကို ခရီးသွားလာမှု ပိတ်ပင်ခံရတဲ့နိုင်ငံ ၁၂ နိုင်ငံမှာတော့ အာဖဂန်နစ္စတန်၊ ချတ်ဒ်၊ အီကွေတိုရီးယယ်လ် ဂီနီ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ မြန်မာ၊ ကွန်ဂိုသမ္မတနိုင်ငံ၊ ဆိုမာလီယား၊ ဆူဒန်နဲ့ ယီမင်နိုင်ငံတို့ ပါဝင်ပါတယ်။
ခရီးသွားလာမှု တစ်စိတ်တစ်ပိုင်း ကန့်သတ်မှုတွေ ပြုလုပ်ခဲ့တဲ့ နိုင်ငံ ခုနစ်နိုင်ငံမှာတော့ ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆိုင်ရာလီယွန်နီး၊ တိုဂို၊ တာ့က်မင်နစ်စတန် နဲ့ ဗင်နီဇွဲလားတို့ ပါဝင်ကြတယ်လို့ သိရပါတယ်။
အဆိုပါအမိန့်ဟာ ဇွန်လ ၉ ရက်၊ ဝါရှင်တန်ဒီစီမြို့ ဒေသစံတော်ချိန် နံနက် ၁၂း၀၁ နာရီ (၀၄၀၁ နာရီ GMT) မှာ စတင် အသက်ဝင်မှာဖြစ်ပါတယ်။ ဒီမတိုင်မီ ထုတ်ပေးထားတဲ့ ပြည်ဝင်ခွင့် ဗီဇာတွေကိုတော့ ရုပ်သိမ်းမှာမဟုတ်ဘူးလို့ သိရပါတယ်။
Ref- Al Jazeera
