၅. ၆. ၂၀၂၅
Written by Nyein Kyaw
ပြီးခဲ့သည့် မေလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ လစဉ်တင်ပို့ရန်လျာထားချက် တန်ချိန်နှစ်သိန်းခွဲ ပြည့်မီအောင် တင်ပို့နိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ် နှစ်လအတွင်း စုစုပေါင်းတန်ချိန် လေးသိန်းကျော် တင်ပို့ထားနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် သုံးသန်းခန့်တင်ပို့ရန် လျာထားကြောင်း MRF ဥက္ကဋ္ဌက ပြောကြားထားပြီး အဆိုပါ လျာထားချက် ပြည့်မီစေရန် လစဉ်တန်ချိန်နှစ်သိန်းခွဲကျော် တင်ပို့နိုင်ရမည်ဖြစ်သည်။
လက်ရှိတွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေးကို အသုံးမပြုနိုင်သေးဘဲ ပင်လယ်ရေကြောင်းမှသာ တင်ပို့နေရခြင်းကြောင့် ယခုဘဏ္ဍာနှစ်အစ ဧပြီလတွင် တန်ချိန် ၁၄၂,၇၈၈ တန်သာ တင်ပို့ခဲ့သော်လည်း မေလတွင်မူ တန်ချိန် ၂၅၉,၅၀၁ တန်အထိ တင်ပို့နိုင်ခဲ့၍ လစဉ်လျာထားချက်ကို ပင်လယ်ရေကြောင်းမှပင် ပြည့်မီအောင် တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါကာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၄၀၂,၂၈၉ တန် တင်ပို့ခဲ့မှုအနက် ဆန်တန်ချိန် ၂၁၇,၀၇၆ တန်နှင့် ဆန်ကွဲတန်ချိန် ၁၈၅,၂၁၃ တန်၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲတန်ချိန် ၄၀၂,၂၈၉ တန် တင်ပို့ထားနိုင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရန် လျာထားချက်ပမာဏ တန်ချိန်နှစ်သန်းခွဲ မပြည့်မီခဲ့ဘဲ တန်ချိန် ၂ ဒသမ ၄၈၇ သန်း (လျာထားချက်၏ ၉၉ ရာခိုင်နှုန်းကျော်)သာ တင်ပို့နိုင်ခဲ့ကြောင်း MRF မှ ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။
