
၁.၆.၂၀၂၅
Written By Zun
ပြီးခဲ့သည့် မေလ ၃၀ ရက် စနေနေ့က အိုင်ဇောလ်- မီဇိုရမ်ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာမှယမန်နေ့ မေလ ၃၁ ရက်တွင် မြေပြိုကျမှု ဖြစ်ပွားခဲ့စဉ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် မြန်မာနိုင်ငံသား သုံးဦးနှင့် အခြားနိုင်ငံသားတစ်ဦး စုစုပေါင်း လေးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ ကြောင်း အိန္ဒိယဒေသတွင်း သတင်းများက ဖော်ပြကြသည်။
အဆိုပါ သေဆုံးသည့် မြန်မာမိသားစုမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ မောစီကျေးရွာကဖြစ်ကြပြီး မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်၊ ဗာဖိုင်းကျေးရွာတွင် လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်ကပင် နေအိမ် ငှားရမ်းနေထိုင်ကြသည့် စစ်ဘေးရှောင်များဖြစ်ကြောင်း သိရသည်။
မြေပြိုကျရာတွင် အသက် ၇၁ နှစ်အရွယ် ဦးလဲန်းခွေထန်းနာနှင့် သမီးဖြစ်သူ အသက် ၄၈ နှစ်အရွယ် ဒေါ် လာလ်နိုက် ထွာမ်မီး၊ ဒေါ်လာလ်နိုက် ထွာမ်မီး၏ ချွေးမဖြစ်သူ ကိုယ်ဝန်ဆောင်မိခင် အသက် ၂၈ နှစ်အရွယ် လာလ်ရဲမ်နီအဲန်းအီးတို့ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် အခြားနိုင်ငံသားတစ်ဦးလည်း သေဆုံးကာ ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ခင်ပွန်း အသက် ၂၆ နှစ်အရွယ်နှင့် အသက် ၄၇ နှစ်အရွယ် ယောက္ခမတို့ ဒဏ်ရာရခဲ့၍ ကျန်ဖိုင်ဆေးရုံ၌ ဆေးကုသမှု ခံယူနေရကြောင်းသိရသည်။
ပြီးခဲ့သည့် စနေနေ့က ပြည်နယ်တစ်ဝှမ်း မြေပြိုမှု ၁၄၇ မှုကြောင့် အနည်းဆုံး အိမ် ၅၆ လုံး ပျက်စီးခဲ့ကြောင်း ပြည်နယ် အရေးပေါ် လည်ပတ်ရေးစင်တာက ထုတ်ပြန်ချက်ကို ကိုးကား၍ ဒေသတွင်း သတင်းများက ဖော် ပြကြသည်။ မြေပြိုမှုနှင့် ရေကြီးမှုများကြောင့် မိသားစု ခြောက်ဆယ့်သုံးစုကိုလည်း ဘေးကင်းရာသို့ ရွှေ့ပြောင်း ပေးခဲ့ရကြောင်း၊ နိုင်ငံတွင်းနှင့် ပြည်နယ်တွင်း အဝေးပြေးလမ်း ၆၉ နေရာတွင် ပိတ်ဆို့ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် အမျိုးသားသဘာဝဘေးတုံ့ပြန်ရေးတပ်ဖွဲ့ (NDRF)၊ ပြည်နယ်သဘာဝဘေးတုံ့ပြန်ရေးတပ်ဖွဲ့ (SDRF)၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လောင်းတလိုင်ခရိုင်အတွင်းရှိ အကြီးဆုံးအရပ်ဘက်အဖွဲ့အစည်းဖြစ်သည့် Young Lai Association (YLA) မှ စေတနာ့ဝန်ထမ်းများက ကယ်ဆယ်ရေးလုပ်ငန်းများနှင့် အပျက်အစီးများကို ရှင်းလင်းဆောင်ရွက်နေကြောင်း သိရသည်။
