၂၉.၅.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုမှာ သမ္မတ ဒေါ်နယ်ထရန့် အစိုးရတက်လာခဲ့ပြီးတဲ့နောက် အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာနကို ခေါင်းဆောင်ကာ အထူးအစိုးရဝန်ထမ်းအဖြစ် တာဝန်ပေးခြင်းခံရတဲ့ နည်းပညာ ဘီလျံနာသူဌေးကြီး အီလွန်မာ့စ်ခ်က မေလ ၂၈ ရက် ညနေပိုင်းမှာတော့ သူ့အနေနဲ့ ထရန့်ရဲ့အစိုးရမှာ ပါဝင်နေမှုက အဆုံးသတ်ပြီဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။
DOGE လို့ သိကြတဲ့ အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာနကို ဦးဆောင်နေခဲ့တဲ့အချိန်အတွင်းမှာ အီလွန်မာ့စ်ခ်က ပြည်ထောင်စုအစိုးရအသုံးစရိတ်တွေကိုလျှော့ချဖို့ ထရန့်အစိုးရရဲ့အားထုတ်ချက်တွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပြည်ထောင်စုအစိုးရ လုပ်သားအင်အား အဓိကဖြတ်တောက်မှုတွေ ကြီးကြပ်ခဲ့ပါတယ်။
မာ့စ်ခ်က “အထူးအစိုးရဝန်ထမ်းအနေနဲ့ ကျွန်တော့်ရဲ့တာဝန်ချိန်တွေ ပြီးကာနီးလာတာနဲ့အမျှ ဒီလို အသုံးစရိတ်တွေလျှော့ချဖို့ အခွင့်အရေးကိုပေးခဲ့တဲ့ သမ္မတဒေါ်နယ်ထရန့်ကို ကျွန်တော်ကျေးဇူးတင်ပါတယ်”လို့ သူပိုင်ဖြစ်တဲ့ X လူမှုကွန်ရက်မှာ ရေးခဲ့ပါတယ်။ “DOGE ဌာနရဲ့တာဝန်တွေက အစိုးရသက်တမ်းတစ်လျှောက်လုံးမှာတည်ရှိလာမယ်ဆိုရင် အချိန်နဲ့အမျှပိုလို့ အားကောင်းလာမှာပါ”လို့လည်း မာ့စ်ခ်က ဆိုခဲ့ပါ တယ်။
အထူးအစိုးရဝန်ထမ်းအနေနဲ့ ရက် ၁၃၀ ထမ်းဆောင်ဖို့ ကန့်သတ်သတ်မှတ်ခံထားရတဲ့ မာ့စ်ခ်က အလုပ်မှထွက်ခွာဖို့လုပ်ငန်းစဉ်ကို မေ၂၈ ရက် ညမှာ စတင်လိမ့်မှာဖြစ်တယ်လို့ အိမ်ဖြူတော်အရာရှိတစ်ဦးက ပြောခဲ့ပါတယ်။
မာ့စ်ခ်အနေနဲ့ ထရန့်ရဲ့အစိုးရအဖွဲ့မှာ ပါဝင်နေခဲ့တာကြောင့် SpaceX နဲ့ Tesla တို့အပါအဝင် သူ့ရဲ့ကုမ္ပဏီတွေမှာ လုပ်ငန်းခက်ခဲရုန်းကန်နေရတာကို ပြန်ပြီးအလေးထားအာရုံစိုက်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာကို အစိုးရဝန်ထမ်း အချိန်ပြည့် လုပ်ဆောင်နေမှုကနေ ပြန်လည်ဆုတ်ခွာလာခဲ့တာပါ။
ပြီးခဲ့တဲ့အပတ်မှာတော့ ထရန့်အစိုးရရဲ့ ဥပဒေကြမ်းမှာ ကြီးမားတဲ့အသုံးစရိတ်ကို တွေ့လိုက်ရလို့ သူ့အနေနဲ့ အလွန်စိတ်ပျက်မိတယ်ဆိုတာ မာ့စ်ခ်က ပြောခဲ့ပါတယ်။ သူက “ဒီ ဥပဒေကြမ်းအရ ဘတ်ဂျက်လိုငွေကို တိုးစေဦးမှာပဲ၊ လျော့ကျစေမှာမဟုတ်ဘူး။ DOGE ရဲ့လုပ်ဆောင်နေမှုကို ပျက်ပြားစေသလိုပါပဲ” လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် ပြည်ထောင်စုဗျူရိုကရေစီကိုလျော့ကျစေဖို့ဆိုတာ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့လည်း ပြောခဲ့ပါတယ်။
သမ္မတရဲ့ အဆိုပါ ဥပဒေကြမ်းမှာ အခွန်ဖြတ်တောက်မှု ဒေါ်လာ ထရီလျံပေါင်းများစွာနဲ့ အမေရိကန်စစ်ရေးအသုံးစရိတ်နဲ့ အမျိုးသားလုံခြုံရေးတို့အတွက် စရိတ်ကြီးမားစွာတိုးမြှင့်ထားပါတယ်။ ထရန့်ကတော့ ဥပဒေမှာလုံလောက်တဲ့ဖြတ်တောက်မှုတွေမပါဝင်ဘူးဆိုတဲ့ မာ့စ်ခ်ရဲ့ပြောကြားချက်တွေကို ပယ်ချခဲ့ပါတယ်။ ထရန်က အထက်လွှတ်တော်ကိုရောက်တုံးမှာ ဥပဒေပြုရေးအတွက် အပြောင်းအလဲတွေဖြစ်မယ်လို့ မျှော်လင့်တယ်ဆိုတာ ပြောခဲ့ပါတယ်။ ဒါ့ပြင်သူ့အနေနဲ့လည်း ဥပဒေအစိတ်အပိုင်းတိုင်းကို သဘောမကျဘဲ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်မှာဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။
ထရန့်အစိုးရရဲ့ ပထမလေးလတာကာလအတွင်းမှာတော့ မာ့စ်ခ်ရဲ့ ဦးဆောင်မှုနဲ့အတူ DOGE က ပြည်ထောင်စုအစိုးရကို ထောက်ခံခဲ့တာပါ။ ထရန့်အစိုးရရဲ့ ပထမ ရက် ၁၀၀ ကာလအတွင်း DOGE က အစိုးရဝန်ထမ်း အနည်းဆုံး ၁၂၁,၀၀၀ ဦးကို အလုပ်မှထုတ်ပစ်တာ ဒါမှမဟုတ် အလုပ်မှနုတ်ထွက်ဖို့ ရက်သတ်မှတ်တာတွေ လုပ်ခဲ့ပါတယ်။ ပြည်ထောင်စုအစိုးရ ထောက်ပံ့ကြေးနဲ့ အစီအစဉ်တွေကိုလည်း ဖြတ်တောက်ခဲ့ပါတယ်။ ဒါပေမယ့် တရားရုံးစိန်ခေါ်မှုတွေနဲ့ကြုံရအပြီး တချို့ကိုတော့ ပြန်လည်ပေးအပ်ခဲ့ပါတယ်။
ထရန့်အစိုးရအနေနဲ့လည်း မာ့စ်ခ်က အစိုးရအဖွဲ့ကထွက်ခွာသွားခဲ့အပြီးမှာ DOGE ရဲ့ အရွယ်ပမာဏနဲ့ ဆောင်ရွက်မှုနယ်ပယ်တို့နဲ့ပတ်သက်လို့ ဘယ်လို သဘောထားမလဲဆိုတာ မရေမရာ ဖြစ်နေပါတယ်။
Ref- CNN, AP
