၂၉.၅.၂၀၂၅
Translated by Htwe Ko Tun
အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) အဖွဲ့ဝင်နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေက တီမော-လက်စတီနိုင်ငံကို အာဆီယံအဖွဲ့ရဲ့ ၁၁ ခုမြောက်အဖွဲ့ဝင်နိုင်ငံအဖြစ် အောက်တိုဘာလမှာကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ ဝင်ခွင့်ပေးဖို့ သဘောတူခဲ့ကြတယ်လို့ ထိုင်းအဆင့်မြင့်သံတမန်တစ်ဦးရဲ့ပြောကြားချက်အရ သိရပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်ဖြစ်တဲ့ ဘိုလ်ဘောင်ဆဲ ဗင်ပိန်းက အာဆီယံခေါင်းဆောင်တွေက တီမော-လက်စတီနိုင်ငံကို အဖွဲ့ ဝင်အဖြစ်လက်ခံလိုက်ခြင်းက အဖွဲ့ကြီးကို ပိုလို့အင်အားကောင်းတောင့်တင်းစေမယ်လို့ သဘောတူခဲ့ကြတယ်လို့လည်း ပြောခဲ့ပါတယ်။
ဘိုလ်ဘောင်ဆဲက မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ မေလ ၂၈ ရက်ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲတစ်ရပ်မှာလည်း တီမောအနေနဲ့ အဖွဲ့ကြီးကို ပိုပြီးအင်အားကောင်းလာစေမယ်လို့ ယူဆပါတယ်လို့ ပြောခဲ့ပါတယ်။
တီမော-လက်စတီနိုင်ငံက အရှေ့တောင်အာရှဒေသအတွင်းမှာ နောက်ဆုံးပေါ်ထွန်းလာတဲ့နိုင်ငံဖြစ်ပြီး ၂၄ နှစ်ကြာသိမ်းပိုက်ခံထားရပြီးနောက် အင်ဒိုနီးရှားလက်အောက်က ၂၀၀၂ ခုနှစ်မှာ ပြန်လည်လွတ်မြောက်လွတ်လပ်ရေးရခဲ့တာပါ။ သမ္မတ ရာမို့စ်- ဟော်တာက အာဆီယံအဖွဲ့ဝင်အဖြစ်ဝင်ခွင့်ရရေးကို ကာလကြာရှည်လှုပ်ရှားဆောင်ရွက်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ စတင်လျှောက်ထားခဲ့တာပါ။ နိုင်ငံလူဦးရေ ၁ ဒသမ ၃ သန်းကျော်ရှိပြီး ပေါ်တူဂီကိုလိုနီနိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။
အရှေ့တီမောလို့လည်း သိကြတဲ့ တီမော-လက်စတီနိုင်ငံက မညီမျှမှု၊ အာဟာရဓာတ်ချို့တဲ့မှုနဲ့ အလုပ်လက်မဲ့ ပြဿနာတို့နဲ့ ကြီးမားစွာ ရင်ဆိုင်နေရတာဖြစ်ပြီး နိုင်ငံအနေနဲ့ ရေနံထွက်ကုန်ကိုပဲ ကြီးမားစွာမှီခိုနေရပါတယ်။ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုနဲ့ လူသားအရင်းအမြစ်စွမ်းဆောင်နိုင်မှုတို့မှာလည်း စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး အာဆီယံ စီးပွားရေးအသိုက်အဝန်းမှာထိရောက်စွာ ပူးတွဲဆောင်ရွက်နိုင်ဖို့အတွက်ကလည်းအရေးပါနေပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက တီမော-လက်စတီကို အဖွဲ့ဝင်အဖြစ် မူအရ ၂၀၂၂ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံ အလှည့်ကျဥက္ကဋ္ဌအဖြစ်ဆောင်ရွက်စဉ်ထဲက သဘောတူခဲ့ပါတယ်။ အဲဒီကစလို့ လေ့လာသူ အဆင့်သတ်မှတ်ကာ ထိပ်သီးဆွေးနွေးပွဲတွေအပါအဝင် အာဆီယံအစည်းအဝေးအားလုံးကို တက်ရောက်ပူးပေါင်းပါဝင်ခွင့်ပေးခဲ့ပါတယ်။
လာမယ့် အောက်တိုဘာလမှာတော့ တီမော-လက်စတီက အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင်အသိ အမှတ်ပြုခြင်းခဲရတော့မှာပါ။
Ref -Bangkok Post
