ပုံစာ ။ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီးက နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံ လာရောက်တွေ့ဆုံခဲ့စဉ် မြင်ကွင်း။
၂၉. ၅. ၂၀၂၅
Translated by Thettant
အမေရိကန်နှင့် ကုလသမဂ္ဂတို့ အကောင်အထည်ဖော်ကြမည့် လူသားချင်းစာနာထောက်ထားမှု စင်္ကြံစီမံကိန်းနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နိုင်ငံရေးအရ ပွတ်တိုက်မှုဖြစ်ပွားနေချိန်အတွင်း ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရက မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး Dr. Md. Monwar Hossain ကို ဒါကာမြို့သို့ ချက်ချင်းပြန်လာရန် အမိန့်ပေးခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ကုလသမဂ္ဂ၏ ကြီးကြပ်မှုအောက်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံလမ်း ဖော်ဆောင်ရန် ဆွေးနွေးမှုများ ဆက်လက်ဖြစ်ပွားနေချိန်တွင် ယခုညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ယုံကြည်စိတ်ချရသော သံတမန်သတင်းရင်းမြစ်များက သံအမတ်ကြီး Monwar Hossain ကို ယခုအပတ်အတွင်း ပြန်လာရန် တောင်းဆိုထားကြောင်း အတည်ပြုခဲ့သည်။
ထို့အပြင် တာဝန်ရှိသူများက ယခုလုပ်ဆောင်ချက်ကို အတည်ပြုခဲ့သော်လည်း ကိစ္စရပ်မှာ “ထိခိုက်လွယ်သည်” ဟုဆိုကာ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
မွန်ဝါဟူစိန်ကို မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး မန်ဂျူရူလ် ကာရမ်ခန်း၏ နေရာတွင် ၂၀၂၃ ခုနှစ် ဩဂုတ်လက ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ၂၀ ကြိမ်မြောက် BCS အသုတ်မှ ထိပ်တန်းအရာရှိတစ်ဦးဖြစ်သည်။
ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့တွင်လည်း ကာကွယ်ရေးဝန်ကြီးဌာနသည် ရန်ကုန်ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးမှ စစ်သံမှူး ဗိုလ်မှူးချုပ် အက်ဖ်တက်ဟူစိန်ကို အစားထိုးလဲလှယ်ခြင်းမရှိဘဲ ချက်ချင်းပြန်လာရန် အမိန့်ပေးခဲ့သည်။
အဆိုပါအခြေအနေသည် ရခိုင်ပြည်နယ်အတွင်းရှိမြို့များကို AA လက်နက်ကိုင်အဖွဲ့က သိမ်းယူပြီးနောက် ဘင်္ဂလားဒေ့ရှ်အစိုးရက AA နှင့် ထိတွေ့ဆက်ဆံမှုများရှိနေခြင်းနှင့် ကုလသမဂ္ဂက ကြီးကြပ်ပြီး အမေရိကန်က တပ်ချမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစင်္ကြံလမ်းကိစ္စတို့ ဖြစ်ပွားနေချိန်တွင် သံခင်းတမန်ခင်းအရ တင်းမာမှုအခြေအနေပုံစံဖြစ်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ကုလသမဂ္ဂက ကြီးကြပ်ပြီး အမေရိကန်က တပ်ချမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံလမ်းစီမံကိန်းမှာ အမေရိကန်နိုင်ငံက မြန်မာနှင့် တရုတ်အပေါ် နိုင်ငံရေးကစားပွဲဆင်နွှဲရန်၊ AA အပါအဝင် လက်နက်ကိုင်တို့ကို စစ်ရေးအကူအညီ ထောက်ပံ့ပေးရန်လုပ်ဆောင်လာနိုင်ဖွယ်ရှိသောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြည်သူများနှင့် ပါတီများက အချုပ်အခြာအာဏာထိပါးမှုကို မေးခွန်းထုတ်ခဲ့သလို ဘင်္ဂလားဒေ့ရှ်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကလည်း သွေးစွန်းသောစင်္ကြံလမ်းဟု အမည်တပ်ကာ လက်မခံမှုကြောင့် ယူနွတ်စ်ဦးဆောင်သော ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရက စီမံကိန်းရပ်ဆိုင်းထားသည်။
Ref . Parbatta News
