၂၉.၅.၂၀၂၅
Written by Thiri
မနေ့က မေလ ၂၈ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ လေပြင်းတိုက်ခတ်တာတွေကြောင့် ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ သစ်ပင်လဲကျကာ နေအိမ်အဆောက်အဦတချို့နဲ့ ယာဉ်တချို့ပေါ်ပိမိတာကြောင့် ဖယ်ရှားရှင်းလင်းမှုတွေ ဆောင်ရွက်ခဲ့ရပြီး ပျက်စီးဆုံးရှုံးမှု တချို့လည်းရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။
မနေ့က တစ်နေ့တည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒလမြို့နယ် (၁၁)ရပ်ကွက်နဲ့ (၁၄) ရပ်ကွက်တို့မှာ လေပြင်းတိုက်ခတ်မှုကြောင့် လမ်းပေါ် သစ်ပင်လဲကျမှုဖြစ်ပွားခဲ့သလို ဘုရင့်နောင်ရပ်ကွက်၊ ဦးအောင်ဇေယျ(၈)လမ်း၊ အ.မ.က(၁၉) ကျောင်းဆောင်ပေါ်ကိုလည်း သစ်ပင်လဲကျလို့ ကျောင်းအဆောက်အဦ ထိခိုက်ပျက်စီးမှု အနည်းငယ်ရှိခဲ့ပြီး ဒလမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ရှိ မြို့နယ်တချို့မှာလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်ကျိုးကျတာနဲ့ အမြစ်ကကျွတ်ထွက်ပြီး လဲကျတာ၊ ဓာတ်တိုင်လဲပြိုတာ စတဲ့ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပါသေးတယ်။ ရန်ကင်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ သုခဝတီလမ်း၊ အမှတ်(၁) ရွှေလီစားသောက်ဆိုင်ဝန်းအတွင်း သစ်ပင်အမြစ်ကကျွတ်ကာ အိမ်စီးယာဉ်ငယ်ပေါ်ပိမိပေမယ့် လူထိခိုက်မှုတော့မရှိခဲ့ဘဲ ယာဉ်အမိုးပိန်ချိုင့်ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။ ကြည့်မြင်တိုင်မြို့နယ်၊ သီတာရပ်ကွက်၊ သီတာလမ်းမှာ ဓာတ်တိုင်ပေါ်ကို သစ်ပင်လဲကျမှုဖြစ်ပွားခဲ့တာကြောင့် ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက ရှင်းလင်းရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့ရပြီး မြောက်ဥက္ကလာပမြို့နယ်၊ (၁)ရပ်ကွက်၊ သုမိတ္တာ(၉)လမ်း၊ ဆွမ်းလောင်းဓမ္မာရုံပေါ်ကိုလည်း သစ်ပင်လဲကျ ပိမိမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မှော်ဘီမြို့နယ် မြို့ရှောင်လမ်းအတွင်း ဆယ့်နှစ်ဘီးကားပေါ် အင်ပင်တစ်ပင်လဲကျပိမိနေတာကိုလည်း မှော်ဘီမြို့နယ် မီးသတ်စခန်း ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရတယ်လို့ သိရပါတယ်။
အလားတူ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာလည်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုတချို့ဖြစ်ပွားခဲ့တာကြောင့် နေရာ ငါးနေရာခန့်မှာ သစ်ပင်လဲကျ လမ်းပိတ်ဆို့တာ၊ နေအိမ်တွေ လေပြင်းကြောင့် ပြိုပျက်တာမျိုးတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမှတ်(၈) ရပ်ကွက်၊ ဧရာမင်းရပ်ကွက်၊ တောင်ရာမည(၄) လမ်းထိပ်မှာ သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ပါတယ်။ ရေကြည်မြို့နယ်မှာလည်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဗထူးရပ်ကွက်၊ အောင်ဆန်းလမ်း၊ ကျေးလက်ရုံးလမ်းမှာ သစ်ပင်လဲကျ လမ်းပိတ်ဆို့နေတာကို ရေကြည်မြို့နယ်မီးသတ်စခန်း သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကာ ရေကြည်မြို့နယ် အပိုင်ထဲကပဲ ညောင်ငူကျေးရွာ၊ ပုသိမ်-မုံရွာကားလမ်း၊ မိုင်တိုင်အမှတ်(၁၈/၇)နှင့် (၁၉/၀)ကြား မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျရာမှာ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရေး အချိန်နဲ့တစ်ပြေးညီ ဖယ်ရှားရှင်းလင်းခဲ့ရတယ်လို့ သိရပါတယ်။ နောက်ပြီးရေကြည်မြို့နယ် ဆရာစံရပ်ကွက်၊ တိုးချဲ့(၃)လမ်းမှာလည်း လေပြင်းတိုက်ခတ်ခြင်းနဲ့ မိုးရွာသွန်းခြင်းကြောင့် နေအိမ်(၁)လုံးပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။
ဒါ့အပြင် အိမ်မဲမြို့နယ်၊ ပျဉ်းမကုန်းကျေးရွာမှာ လေပြင်းကြောင့် နေအိမ်(၄)လုံးပြိုကျပျက်စီးခြင်းခဲ့ပြီး နေအိမ်(၃)လုံးမှာအမိုးလန်ခြင်း၊ သစ်ပင်တွေ နေအိမ်အနီးပြိုလဲခြင်း စတာတွေ ဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုတော့မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ အဆိုပါဖြစ်စဉ်အတွင်း အိမ်မဲမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ကူညီရွှေ့ပြောင်းပေးတာတွေ ဆောင်ရွက်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့ မေလ ၂၉ ရက်နေ့ မနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်ကို ထုတ်ပြန်ကြေညာရာမှာ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်)မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)ဟာ ဆက်လက်တည်ရှိနေပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းက မြောက်ဘက်ကို ဖြည်းညှင်းစွာ ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ နောက် ၁၈ နာရီအတွင်း မုန်တိုင်းငယ်(Depression)အဖြစ်ကို ရောက်ရှိနိုင်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားအလွန်ကောင်းနေပြီး ဒီကနေ့ညနေအထိ ခန့်မှန်းချက်တွေအရ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့မှာ နေရာစိပ်စိပ်မိုးရွာသွန်းနိုင်ပြီးကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ဒေသအလိုက်နဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေညာထားပါတယ်။














