◾ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်က မူးယစ်ဆေးဝါးစစ်ပွဲအသစ် ဆင်နွှဲသွားမည်ဟု ကြေညာခဲ့သော ၎င်း၏မိန့်ခွန်းတွင် ‘ဝ’လက်နက်ကိုင်တို့ကို မူးယစ်ထုတ်လုပ်သူအဖြစ် စွပ်စွဲ၊ ‘ဝ’ လက်နက်ကိုင်တွေကိုနှိမ်နင်းဖို့ မြန်မာအစိုးရနဲ့ မကြာခင် တွေ့ဆုံဆွေးနွေးမည်ဟုပါ သက်ဆင် ပြောကြား

၂၇.၅.၂၀၂၅
translated by Htwe Ko Tun
ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာက မူးယစ်ဆေးဝါးစစ်ပွဲအသစ် ဆင်နွှဲသွားမယ်လို့ သန္နိဌာန်ချခဲ့ပြီး ထိုင်းနိုင်ငံတစ်ဝန်း မူးယစ်ဆေးဝါးတရားမဝင်ရောင်းချသူတွေကို ရှာဖွေဖို့နဲ့ တရားမဝင်ကူးသန်းရောင်းဝယ်မှုကွန်ရက်တွေကို ဖြိုခွင်းဖို့ လူ့အသိုင်းအဝန်းအတွင်း စကန်ဖတ်စစ်ဆေးသွားမယ်လို့ ကတိပြုပြောကြားခဲ့ပါတယ်။
၂၀၀၃ ခုနှစ်မှာ သူဆောင်ရွက်ခဲ့တဲ့ မူးယစ်ဆေးဝါးစစ်ပွဲ မူဝါဒအရ တရားဥပဒေပြင်ပသတ်ဖြတ်မှုတွေ ၂,၈၀၀ အထိရှိခဲ့တယ်လို့ ဆိုကြတဲ့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်က မူးယစ်ဆေးဝါးကို နှိမ်နင်းဖို့ စစ်ပွဲ အသစ်တစ်ရပ် ဆင်နွှဲသွားမယ်လို့ မေလ ၂၇ ရက်မှာ ပြောကြားခဲ့တာပါ။
ဒီတစ်ကြိမ်မှာတော့ သက်ဆင်က ပြည်ထဲရေးဝန်ကြီးနဲ့အမျိုးသားရဲတပ်ဖွဲ့ အကြီးအကဲတို့ကိုယ်စား လူ့အသိုင်းအဝိုင်းထဲမှာ မူးယစ်ဆေးဝါး တရားမဝင်ရောင်းချသူတွေကို စကန်နဲ့ရောင်ခြည်ဖတ် စစ်ဆေးရှာဖွေဖို့ သန္နိဌာန်ချထားတယ် ဆိုတာလည်း ပြောခဲ့တာပါ။
သက်ဆင်က မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံးမှာ“မူးယစ်ဆေးဝါး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ ရေရှည်တည်တံ့သော ဖြေရှင်းနည်းများအတွက် သဘောထားနှင့် စိန်ခေါ်မှုများ” ခေါင်းစဉ်နဲ့ မိန့်ခွန်း ပြောကြားခိုက်မှာ အခုလိုပြောခဲ့တာဖြစ်ပြီး မူးယစ်ဆေးဝါးနှိမ်နင်းရေးလှုပ်ရှားမှုကို ပြုလုပ်သွားမှာကိုလည်း ကြေညာခဲ့ပါတယ်။
လူ့အသိုင်းအဝန်းတွေအတွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကိုရှာဖွေဖို့ စကန်ဖတ်စစ်ဆေးဖို့ကိုတော့ သူ့ရဲ့သမီးဖြစ်တဲ့ ဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာ ထံကနေ ခွင့်ပြုချက်ယူရမယ်လို့ သက်ဆင်က ဆိုခဲ့ပါတယ်။ တွေ့ရှိချက်တွေကို မူးယစ်ဆေးဝါးနှိမ်နင်းရေးလှုပ်ရှားမှုရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ဆက်လက်အရေးယူဆောင်ရွက်ဖို့ ပြည်ထဲရေးဝန်ကြီးနဲ့အမျိုးသားရဲတပ်ဖွဲ့ အကြီးအကဲတို့ထံ သတင်းပို့မှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
သက်ဆင်က သူ့ရဲ့ ၂၀၀၃ ခုနှစ် မူးယစ်ဆေးဝါးစစ်ပွဲမှာ မူးယစ်ကုန်သွယ်မှုကို အဆုံးသတ်စေဖို့ အစိုးရကဌာနဆိုင်ရာတွေကို စတုရန်းလက်မတိုင်းကို စကန်ဖတ်ရှာဖွေဖို့ အမိန့်ပေးခဲ့တာကို ပြန်လည်ပြောကြားရင်း ထိုစဉ်က မူးယစ်ဆေးဝါးစစ်ပွဲအောင်မြင်ရမှုကို မီးမောင်းထိုးပြခဲ့ပါတယ်။
၂၀၀၃ ခုနှစ် မူးယစ်ဆေးဝါးစစ်ပွဲမှာ သုံးလခန့်အတွင်း လူ ၂,၈၀၀ ကျော်သေဆုံးခဲ့တယ်လို့ ယုံကြည်ရပါ တယ်။ ပထမပိုင်းကတော့ သေဆုံးမှုတွေဟာ မူးယစ်ဆေးဝါးဂိုဏ်းတွေအကြား စားကျက်လုစစ်ပွဲမှာ သေ ဆုံးခဲ့ရတာလို့ ဆိုကြပေမယ့် ၂၀၀၇ ခုနှစ် အစိုးရရဲ့စစ်ဆေးမှုတစ်ခုအရ သေဆုံးသူတွေရဲ့ ထက်ဝက် ကျော်ဟာ မူးယစ်ဆေးဝါးပြစ်မှုတွေနဲ့ ဆက်စပ်မှု မရှိဘူးလို့ တွေ့ခဲ့ရပါတယ်။
ဒါ့ပြင် သက်ဆင်က သူ့ရဲ့မိန့်ခွန်းမှာ အစိုးရဌာနတွေအနေနဲ့ သူတို့ရဲ့သဘောထားတွေကို ပြောင်းကြဖို့နဲ့ မူးယစ်ဆေးဝါး တရားမဝင်ကူးသန်းရောင်းဝယ်မှုကိုလက်ရှိနဲ့ အနာဂတ်မျိုးဆက်တွေအတွက် အမျိုးသား ရေးခြိမ်းခြောက်မှုတစ်ရပ်အနေနဲ့ အသိအမှတ်ပြုကြဖို့လည်း အလေးထားပြောခဲ့ပါတယ်။ သူက ရဲတပ်ဖွဲ့နဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့က တာဝန်ရှိသူတွေကို မူးယစ်ဆေးဝါးနှိမ်နင်းရေးမှာ သီးခြား အလုပ် လုပ်ကြတာထက် အတူပူးပေါင်းဆောင်ရွက်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
ဆက်လက်ပြီး သက်ဆင်က မူးယစ်ဆေးဝါးနှိမ်နင်းရာမှာ တာဝန်ရှိတဲ့ဌာနဆိုင်ရာအများအပြားရဲ့ ရပ်တည်ဆောင်ရွက်နေမှုတွေကို ဝေဖန်ခဲ့ပြီး တချို့ဟာ မူးယစ်နှိမ်နင်းရေးဆောင်ရွက်မှုဥပဒေတွေကို ထိရောက်စွာ ဆောင်ရွက်ခြင်းမပြုဘဲ နှိမ်နင်းရေးအတွက် ကုန်ကျစရိတ်တွေရဖို့ပဲ ကြိုးစားနေတယ်လို့လည်း ပြောခဲ့ပါတယ်။
သူက မူးယစ်နှိမ်နင်းရေးမှာ ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်သားတွေ၊ အကောက်ခွန်အရာရှိတွေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူတွေကို အဓိကတာဝန်ခံဆောင်ရွက်ရမယ့်သူတွေအဖြစ် ပြောကြားခဲ့ပါတယ်။သူက စိတ်ကြွဆေးတွေထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ရှေ့ပြေးဓာတုပစ္စည်းတွေ မှောင်ခိုခိုးသွင်းနေမှု ရပ်တန့်အောင် မဆောင်ရွက်နိုင်တာအတွက် လာဘ်စားမှုပြုတဲ့အကောက်ခွန်အရာရှိတွေကို အပြစ်တင်ခဲ့ပါတယ်။
ဒီဓာတုပစ္စည်းတွေကို ပင်လယ်ရေကြောင်းနဲ့ ထိုင်းနိုင်ငံကိုပေးပို့ပြီး အဲဒီကနေ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် အတွင်း ဝ လက်နက်ကိုင်တို့ ထိန်းချုပ်ထားတဲ့နယ်မြေကို သယ်ပို့တာလို့လည်း သိရပါတယ်။ UWSA လို့ သိကြတဲ့ ဝ လက်နက်ကိုင်တို့အနေနဲ့ ထိုင်းနိုင်ငံအတွင်းမူးယစ်ဆေးဝါးတွေ စီးဝင်နေမှုအတွက်လည်း တာဝန်ရှိတယ်လို့ သက်ဆင်က စွပ်စွဲခဲ့ပါတယ်။
ဒါ့ပြင် သက်ဆင်က ထိုင်းအစိုးရဟာ မြန်မာနိုင်ငံရဲ့ နစကအစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နဲ့ လာအိုဝန်ကြီးချုပ်တို့နဲ့လည်း ဆက်ဆံရေးအထူးကောင်းမွန်တယ်လို့ ဂုဏ်ယူပြောကြားရင်း သူ့အနေနဲ့ထိုင်းနိုင်ငံအတွင်း မူးယစ်ဆေးဝါးဝင်ရောက်မှုကို တားဆီးဖို့ သူတိုနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပါတယ်။
