၂၇.၅.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ဖီလာဒယ်လ်ဖီးယားမြို့အတွင်း Fairmount Park ပန်းခြံမှာ မေ ၂၆ ရက်က Memorial Day အခမ်းအနားတစ်ခုပြုလုပ်နေခိုက် လူအစုလိုက်အပြုံလိုက် ပစ်ခတ်ခံရမှုတစ်ရပ်ဖြစ်ခဲ့တာကြောင့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးပြီး ဆယ်ကျော်သက်ရွယ်ကလေးသုံးဦး အပါအဝင် ကိုးဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုက Fairmount Park ပန်းခြံအရှေ့ပိုင်း Lemon Hill Drive မှာ မေလ ၂၆ ရက် ည ၁၀း၂၇ နာရီမှာဖြစ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါ့ပြင် ရဲတပ်ဖွဲ့ကပစ်ခတ်မှုမှာ အမည်မဖော်ပြတဲ့ အရွယ်ရောက်အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့သေဆုံးပြီး အသက် ၁၅ နှစ်မှ ၁၇ နှစ်ကြား ဆယ်ကျော်သက်သုံးဦးအပါအဝင် ကိုးဦးဒဏ်ရာရခဲ့တယ်လို့ ဖီလာဒယ်လ်ဖီးယားမြို့ ရဲမှူးကြီး ကီဗင် ဘီတယ်လ်က ပြောခဲ့ပါတယ်။
ပစ်ခတ်မှုမှာ သေနတ်သံအချက်ပေါင်းများစွာ ထွက်ပေါ်ခဲ့ပြီး စုံထောက်တွေက ပစ်ခတ်မှုမှာ ကွဲပြားတဲ့ သေနတ်အမျိုးမျိုးကို အသုံးပြုခဲ့သလားဆိုတာ စုံစမ်းနေကြပါတယ်။
ဘီတယ်လ်က ခုထက်ထိတော့ မသင်္ကာသူမည်သူကိုမှ ဖမ်းဆီးခြင်းမပြုသေးဘဲ ဘယ်သေနတ်မှလည်း ပြန်လည်တွေ့ရှိမှု မရှိသေးဘူးလို့ ပြောခဲ့ပါတယ်။ သေဆုံးသူတွေအမည်ကိုလည်း မထုတ်ပြန်ခဲ့ပါဘူး။
Fairmount Park ပန်းခြံက နေ့အခါမှာတော့ အလွန်လူစည်ကားတဲ့နေရာပါ။ Memorial Day မှာဆိုရင် နေ့ဘက်မှာ မိသားစုတွေနဲ့ လူ့အသိုင်းအဝိုင်းအဖွဲ့ဝင်တွေက ပန်းခြံမှာစုရုံးကာ ချက်ပြုတ်စားသောက်ကြမှုတွေ၊ အသားကင်တွေကင်ပြီး ဝိုင်းဖွဲ့စားသောက်မှုတွေပြုကြတာပါ။
အမေရိကန်ပြည်ထောင်စုမှာ တိုင်းပြည်အတွက် အသက်စွန့်လွှတ်သွားတဲ့ စစ်မှုထမ်းတွေကို အမှတ်တရ သတိရတဲ့အနေနဲ့ Memorial Day ကို သတ်မှတ်ထားတာဖြစ်ပါတယ်။
Ref- ABC News
