၂၇.၅.၂၀၂၅
Translated by Htwe Ko Tun
နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်းမှာ ပြီးခဲ့တဲ့ရက်တွေက မြေယာပိုင်ဆိုင်အသုံးပြုခွင့်နဲ့ ပတ်သက်လို့ မွေးမြူရေးသမားတွေနဲ့ လယ်သမားတွေအကြား မကြာခဏဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် လူ ၃၀ ကျော် သေဆုံးခဲ့ရတယ်လို့ ဒေသခံအစိုးရအရာရှိတစ်ဦးက မေလ ၂၆ ရက်က ပြောခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုတွေက ဘီနျူးပြည်နယ်အတွင်း ရွာသုံးရွာမှာ မေလ ၂၃ ရက်နဲ့ မေလ ၂၅ ရက်တို့မှာ ဖြစ်ခဲ့တာလို့ Gwar West ဒေသရဲ့ ဒေသခံအစိုးရအဖွဲ့ဥက္ကဋ္ဌ အော်မင်တော်ဆာဗစ်တာကပြောခဲ့ပါတယ်။
မေလ ၂၅ ရက်က အွန်ဒါနာကျေးရွာမှာ ဖြစ်ခဲ့တဲ့တိုက်ခိုက်မှုမှာဆိုရင် လူ ၂၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး နောက်ကျေးရွာတစ်ခုအတွင်း တိုက်ခိုက်မှုမှာလည်း လူဆယ်ဦးသေဆုံးခဲ့တယ်လို့ AFP ကိုဖုန်းနဲ့ပြောခဲ့ပါတယ်။ အွန်ဒါနာကျေးရွာနေသူတစ်ဦးကလည်း ကျေးရွာသား ၂၀ ဦး ရွာအတွင်းအသတ်ခံခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။ အသတ်ခံရတဲ့ထဲမှာ ကလေးနှစ်ဦးလည်း အသတ်ခံရတဲ့ထဲမှာပါတယ်လို့ပြောခဲ့ပါတယ်။
ထိုအမျိုးသမီးက အနီးအနားက ရွာတွေမှာလည်း ဒီလိုပဲ အသတ်ခံရသူတွေရှိတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် အရေအတွက်ကိုတော့ အတိအကျမပြောခဲ့ပါဘူး။
ဒါ့ပြင် ဗစ်တာက သူနဲ့ တခြားဒေသခံတွေဟာ တီဝါဘီရာနာကျေးရွာမှာ ဖခင်တစ်ဦးနဲ့ သားနှစ်ဦးအပါအဝင် လူငါးဦးကိုမြေမြှုပ်သင်္ဂြိုဟ်ခဲ့ရတယ်လို့ ပြောခဲ့ပါသေးတယ်။
အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ အကြောင်းရင်းကိုရှင်းရှင်းလင်းလင်းမသိကြပေမယ့် ကျွဲနွားမွေးမြူတဲ့ ဖူလာနီလူမျိုးစုတွေရဲ့ ချိတ်ဆက်တိုက်ခိုက်မှုတွေလို့ ယုံကြည်ရတယ်လို့ ဗစ်တာက ဆိုပါတယ်။
မွတ်စလင်ဘာသာဝင် လှည့်လည်သွားလာနေထိုင်တဲ့ မွေးမြူရေးသမားဖူလာနီလူမျိုးစုတွေက ပြည်နယ်အတွင်း အခြေချနေထိုင်တဲ့ ခရစ်ယာန်ဘာသာဝင်အများစုဖြစ်တဲ့ လယ်သမားတွေနဲ့ မြေယာနဲ့အရင်းအမြစ် အသုံးပြုမှုတွေကိုအခြေခံပြီး တိုက်ခိုက်မှုတွေဖြစ်လာရတာကတော့ ကြာရှည်လှပါပြီ။
နိုင်ဂျီးရီးယားနိုင်ငံအတွင်းတိုက်ခိုက်မှုတွေက မကြာခဏဆိုသလို ဘာသာရေးနဲ့ လူမျိုးရေးကွဲပြားမှုတွေကြောင့်ဖြစ်ရတာကို တွေ့ရပါတယ်။
ဘီနျူးပြည်နယ်ကတော့ နိုင်ငံအတွင်း လှည့်လည်သွားလာနေထိုင်တဲ့ မွေးမြူရေးသမားဖူလာနီလူမျိုးစုတွေနဲ့ သူတို့ရဲ့တိရစ္ဆာန်တွေအတွက် စားကျက်မြေလွှတ်ကျောင်းမှုတွေကြောင့် လယ်ယာတွေပျက်စီးရတယ်လို့ဆိုကြတဲ့ လယ်သမားတွေအကြား အကြမ်းဖက်တိုက်ခိုက်မှုတွေ အဆိုးဝါးဆုံးဖြစ်ပွားတဲ့ ပြည်နယ်လို့ဆိုကြပါတယ်။
Ref- AFP

