
၂၅. ၅. ၂၀၂၅
Written by Nay Moe
မြင်းခြံ ပြည်သူ့စစ်အဖွဲ့ကို သုံးရက်ကြာ ပစ်ခတ် တိုက်ခိုက်သည့် မြင်းခြံနှင့် တောင်သာမှ PDF နှစ်ဖွဲ့မှာ ဆယ်ဦးဒဏ်ရာရသဖြင့် ပြန်ဆုတ်ခဲ့ရသည်ဟု တိုက်ခိုက်မှုတွင် ဦးဆောင်သည့် မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းမှ ယနေ့ထုတ်ပြန်သည်။
၉/အညာမြေစစ်ဆင်ရေး (9/A Nyar Myae Operation) အဖြစ် မေလ ၁၅ ရက်နေ့မှစ၍ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ထနောင်းကုန်းကျေးရွာရှိ တပ်စခန်းနှင့် ဦးထူးအောင်ဦးဆောင်သော ပြည်သူ့စစ်အဖွဲ့အား မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းမှဦးဆောင်ပြီး တောင်သာမြို့နယ် ပကဖက ပူးတွဲတိုက်ခိုက်ခဲ့သည်။
ပြည်သူ့စစ် အထိုင်စခန်းချထားသော ထနောင်းကုန်းကျေးရွာအား ၂၀၂၅ ခုနှစ်၊ မေလ(၁၅)ရက်နေ့ နံနက် (၆)နာရီ အချိန်တွင် ထနောင်းကုန်းကျေးရွာ အဝင်စတင်တွေ့သော ဘန်ကာအား မိမိတို့မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းမှ RPG-7 နှင့် ဦးစွာဖြိုခွင်းပြီးနောက် လခရများက ဘန်ကာတစ်ခုချင်း နောက်ဆုတ်သွားပြီးနောက် ဦးထူးအောင်အိမ်(၂)ထပ်တိုက်ထဲ အကုန်ဆုတ်သွားချိန်တွင် Jet Fighter နှင့် လာရောက်ဗုံးကြဲရာ PDF အကာအကွယ်ယူထားသော တိုက်ပေါ် ပေါင်(၅၀၀)ဗုံးသီးကျခဲ့၍ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းမှ PDF (၆) ယောက်ထိခိုက်ဒဏ်ရာရခဲ့သည်။
ထိုနောက် မေလ(၁၆)ရက်နေ့တွင် ဦးထူးအောင်အိမ်အား ဝိုင်းဝန်းပိတ်ဆို့ထားချိန်တွင် Mi(35) နှင့် Y12 များဖြင့် ပစ်ခတ်ဗုံးကြဲခဲ့ရာတွင်လည်း မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းမှ PDF (၄)ဦး ထပ်မံ ထိခိုက်ခဲ့သည်။
ထိုနောက် လေကြောင်းရန်ကြောင့် PDF များ နောက်ဆုတ်ချိတ် လခရများက နင်းမိုင်း၊ တိုက်မိုင်း၊ လျော့မိုင်း များထွက်ဆင်ခဲ့၍ မိုင်းရန်၊ လေကြောင်းရန်ကြောင့် PDF တို့ ကပ်မရတော့ချိန် ဒေါ်သီတာယုမွန်ဦးဆောင်သော စစ်ကြောင်းနှင့် ထိပ်တိုက် တိုက်ပွဲဖြစ်ပွားပြီးနောက် လခရများ၊ ပြည်သူ့စစ်များ ဒေါ်သီတာယုမွန်စစ်ကြောင်းနောက်လိုက်ပါသွားသလို PDF များလည်း ပြန်လည်ဆုတ်ခွာခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲမှာ (၃)ရက်တိုင်တိုင် တိုက်ပွဲဖြစ်ပွားပြီး လေကြောင်းမှ (၁၄)ကြိမ်တိတိ လေကြောင်းတိုက်ခိုက်ခံခဲ့ရသဖြင့် စုစုပေါင်း PDF (၁၀)ဦး ထိခိုက်ဒဏ်ရာရခဲ့သလို ကျည်ကုန်သွားသည်ဟုလည်း PDF တို့ပြောသည်။
၉/အညာမြေစစ်ဆင်ရေးကို မြင်းခြံ၊ ငါန်းဇွန်၊ နွားထိုးကြီး၊ တောင်သာမြို့တို့တွင် PDF များက ခရိုင်အဆင့်ဖော်ဆောင်နေပြီး စခန်း ၁၂ ကို တိုက်ခိုက်မှုတွင် တပ်ဘက်က ၅၀ ခန့်သေဆုံးသလို PDF ဘက်ကလည်း သေဆုံးထားသည်ဟု ပြောသည်။
