၂၄. ၅. ၂၀၂၅
Written by Hey Mar
ပဲခူးက အသက်ဆယ့်သုံးနှစ်အရွယ် သားငယ်မောင်သက်နိုင်မင်းကို ဖမ်းဆီးပြန်ပေးဆွဲသတ်ဖြတ်တဲ့အထဲ ပါဝင်တဲ့ တရားခံနှစ်ဦး ဖမ်းမိထားပြီဖြစ်ကာ အသေးစိတ် စစ်ဆေးမှုတွေ သက်ဆိုင်ရာက ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
မောင်သက်နိုင်မင်းကို သူတို့နဲ့ နေအိမ်ချင်းကပ်လျှက်နေထိုင်သူကပဲ ဆိုင်ကယ်ပေါ်တင် ခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး အဆိုပါအမျိုးသားမှာ အသက် (၃၁)နှစ်အရွယ် နိုင်အောင်ဖြိုးဆိုသူဖြစ်ကြောင်း၊ အဲဒီလူက ကလေးရဲ့ ဖခင်နဲ့ နွေဦးတော်လှန်ရေးအစ သံပုံးတီးတဲ့ ဖြစ်ရပ်နဲ့ ပြဿနာရှာဖူးသူလို့ ရပ်ကွက်တွင်းနေထိုင်သူ ဒေသခံတချို့က ဆိုပါတယ်။
အဆိုပါအမည်မဖော်လိုသူ ဒေသခံက “ကလေးမိသားစုတွေက အနေအေးတယ်။ အဲ့ဒီကလေးကို ဆိုင်ကယ်နဲ့ ခေါ်သွားတဲ့ကောင်က လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ရပ်ကွက်ထဲကနေ ပျောက်သွားတာ။ ပြန်ရောက်လာတာ နှစ်လမပြည့်သေးဘူး။ သူက ၂၀၂၁ ခုနှစ် လောက်တုန်းက ညရောက်ရင် သံပုံးတွေတီးကြတယ်လေ။ မတီးတဲ့ အိမ်တွေကို အဲဒီကောင်တွေက ပြဿနာလိုက်ရှာတယ်။ အခု သေသွားတဲ့ ကလေးအိမ်ကလည်း မတီးဘူး။ ကလေးအဖေကို သူက ပြဿနာလုပ်ဖူးတယ်” လို့ MT News ကို ပြောပါတယ်။
ရဲဘက်က တရားခံ ထွက်ဆိုချက် ပြစ်မှုရေးဖွင့်တဲ့ စာပါ အချက်အလက်တချို့မှာတော့ မိဘထံမှ အကြပ်ကိုင်ငွေညှစ်လိုသဖြင့် ပြန်ပေးဆွဲပြုလုပ်ခဲ့ရာက အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသားတစ်ဦး သေဆုံးကြောင်း၊ အဆိုပါ သေဆုံးသူမှာ သူငယ်ချင်းတွေနဲ့အတူ နေအိမ်ရှေ့ ဘောလုံးကန်နေစဉ် ဘေးအိမ်မှ နိုင်အောင်ဖြိုးက “မင်းတို့ဘောလုံးမကောင်းတော့ဘူး ဘောလုံးအကောင်းတစ်လုံး မဟာစေတီ ဘုရားနားက သီဟိုဠ်တောထဲမှာ ငါတွေ့ထားတယ် လိုချင်ရင် လိုက်ယူ”လို့ ပြောကာ ဆိုင်ကယ်နဲ့ခေါ်ဆောင်သွားခဲ့ကြောင်း၊ နိုင်အောင်ဖြိုးက မောင်သက်နိုင်မင်းကို ဘောလုံးသွားယူမယ်လို့ လိမ်လည်လှည့်ဖျားကာ မြို့ရှောင်လမ်းအတိုင်း ဆိုင်ကယ်နဲ့ မဇင်းဆည်အနီး ခေါ် ဆောင်သွားခဲ့ပြီး “ခဏနေရင် ပြန်လာမယ် စောင့်နေ” လို့ပြောခဲ့ကာ အသင့်ယူဆောင်လာတဲ့ ပီနံအိတ်ခွံနဲ့ နိုင်လွန်ကြိုးတစ်ချောင်းကိုလည်း မောင်သက်နိုင်မင်းကို ပေးထားခဲ့ကြောင်း စသဖြင့် သိရပါတယ်။
သက်ဆိုင်ရာတာဝန်ရှိသူတွေက နိုင်အောင်ဖြိုး ဆိုင်ကယ်နဲ့ သွားလာခဲ့တဲ့ လမ်းကြောင်းအတိုင်း CCTV တပ်ဆင်ထားတဲ့ နေအိမ်နဲ့ ဆိုင်တွေဆီ လိုက်လံစစ်ဆေးကြည့်ရှုရာ နိုင်အောင်ဖြိုးက အခင်းဖြစ်တဲ့နေ့မှာ ညီအစ်ကိုဝမ်းကွဲတော်စပ်သူ အောင်ကျော်ဇော(ခ)ကျော်ကြီး (၃၂)နှစ်၊ မဇင်းတိုးချဲ့(၂)ရပ်ကွက်နေသူနဲ့အတူ လက်ဖက်ရည်ဆိုင်ထိုင်ခဲ့တာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
အဲဒီနောက် ထိုသူကိုပါ သူနဲ့အတူ ခေါ်ယူကာ မောင်သက်နိုင်မင်းထံပြန်လည်သွားရောက်ပြီး သူပေးခဲ့တဲ့ နိုင်လွန်ကြိုး၊ ပီနံအိတ်ခွံနဲ့ မဇင်းဆည်အနီးမှာ မောင်သက်နိုင်မင်းရဲ့ ခြေလက်တွေကို ကြိုးတုပ်ချည်နှောင်ခဲ့သလို လည်ပင်းကိုလည်း အဆိုပါကြိုးနဲ့ ထပ်မံရစ်ပတ်ချည်နှောင်ကာ မျက်နှာကို ပီနံအိတ်စွပ်ခဲ့ကြတယ်လို့ ထွက်ဆိုကြောင်း သိရှိရပါတယ်။
မောင်သက်နိုင်မင်းက ရုန်းကန်အော်ဟစ်တာကြောင့် လည်ပင်း၊ ကျောကုန်းနဲ့ခြေထောက်တို့ကို နင်းပြီး ကြိုးကို ပိုမိုတင်းကြပ်အောင် ဆွဲတင်းခဲ့ကာ ထိုးကြိတ် ကန်ကျောက်တာတွေ ပြုလုပ်ခဲ့ရာက မောင်သက်နိုင်မင်းမှာ ခေါ်မရတော့ဘဲ သေဆုံးသွားခဲ့တာကြောင့် အလောင်းကို အနီးရှိချုံတောထဲမှာ ပစ်ထားခဲ့ပြီး ချုံတောအတွင်း ရှိနေတဲ့ ကာကီရောင် မိုးကာနဲ့ ဖုံးအုပ်ထားခဲ့ကြကြောင်း ဝန်ခံထွက်ဆိုခဲ့ကြတယ်လို့ သိရပါတယ်။
မောင်သက်နိုင်မင်းမိသားစုနဲ့ နီးစပ်သူက “အဲ့ဒီကောင်က (နိုင်အောင်ဖြိုး) သူလည်းခေါ်သွားသေးတယ်။ လမ်းထိပ်မှာ ချထားခဲ့တယ်ပဲပြောတာ။ သူခေါ်သွားတဲ့ မဟာစေတီ ဘုရားနားမှာ ဘောလုံးကွင်းရှိတယ်။ အဲ့ဒီနေရာနဲ့ ကလေးအိမ်နဲ့က သိပ်မဝေးဘူး။ ညအထိ ကလေးက ပြန်မလာတော့ သူကတောင် အိမ်ကိုလာပြီး ကလေးပြန်ရောက်ပြီလား ဘာညာ လာ မေးနေသေးတာ” လို့ MT News ကို ပြောပါတယ်။
မောင်သက်နိုင်မင်းတို့ မိသားစုက မိသားစုဝင်လေးဦးရှိပြီး သားတစ်ဦး သမီးတစ်ဦးလို့ သိရပါတယ်။ လာမယ့်နှစ်ကျောင်းဖွင့်ရာသီမှာ မောင်သက်နိုင်မင်းက အမဖြစ်သူတက်ရောက်နေတဲ့ ရန်ကုန်က ကိုယ်ပိုင်ကျောင်းတစ်ခုမှာအတူ တက်ရောက်ဖို့ ကျောင်းအပ်နှံထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။
မောင်သက်နိုင်မင်းအမှုဖြစ်စဉ်မှာ နောက်ထပ်ကြံရာပါ တစ်ဦးလည်းရှိနေသေးပြီး ဖမ်းဆီးရမိနိုင်ရေး ရဲတပ်ဖွဲ့က ဆက်လက်ကြိုးပမ်းနေတယ်လို့လည်း သိရှိရပါတယ်။


