၂၄.၅.၂၀၂၅
Written by Hey Mar
ဒီနေ့ မေလ ၂၄ ရက်နေ့ မနက်အစောပိုင်းက တောင်ဒဂုံ ဧရာဝဏ်လမ်းမကြီးပေါ်မှာ ဆယ်နှစ်ကျော်အရွယ် ယောကျ်ားလေးတစ်ဦး ကားတိုက်ကြိတ်ခံခဲ့ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ကလေးမိသားစုဝင်တွေကို ချိတ်ဆက်ရှာဖွေနေတယ်လို့ ရုပ်အလောင်းသွားရောက်ကောက်ယူပေးခဲ့တဲ့ ရှင်သန်ခွင့် လူမှုကူညီရေးအသင်းတာဝန်ရှိသူထံကနေ သိရပါတယ်။
ဖြစ်စဉ်က ဒီနေ့မနက် ၈ နာရီဝန်းကျင်မှာ အသင်းရုံးထံ တာဝန်သိပြည်သူတစ်ဦးက ကလေးတစ်ဦး ကားကြိတ် သေဆုံးထားတဲ့ရုပ်အလောင်းတွေ့ရှိကြောင်း တယ်လီဖုန်းဆက်သွယ် အကြောင်းကြားတာကို လက်ခံသိရှိရပြီး သက်ဆိုင်ရာထံ ဆက်လက်သတင်းပို့ ထွက်ခွာကူညီခဲ့တယ်လို့ သိရပါတယ်။
ကားတိုက်ကြိတ်ခံရတဲ့ ကလေးငယ်မှာ ဦးခေါင်းကြေမွကာ မည်သူမည်ဝါမှန်းမမှတ်မိ၊ မသိရှိနိုင်တော့တဲ့ အခြေအနေဖြစ်နေပြီး ရုပ်အလောင်းအနီး စက်ဘီးတစ်စီး၊ ညှပ်ဖိနပ်နှစ်စုံနဲ့ ငွေစက္ကူတချို့ တွေ့ရှိရတယ်လို့လည်း ရှင်သန်ခွင့် လူမှုကူညီရေးအသင်းတာဝန်ရှိသူက ဆိုပါတယ်။
အဆိုပါအသင်းတာဝန်ရှိသူက “သေဆုံးသူလက်ထဲ ပိုက်ဆံကိုင်ထားတာတွေ့တော့ မနက်ပိုင်း တစ်ခုခုထွက်ဝယ်တာထင်ပါတယ်။ ဒီလမ်းမကြီးပေါ် အဖြတ်များတဲ့ ကားတွေက YBS လိုင်းတချို့ရှိတယ်။ ဆီဘောက်ဆာ၊ ကုန်ကား၊ ကွန်တိန်နာတင်တဲ့ တွဲကားတွေ အဖြတ်များတယ်။ မိသားစုက မနက်ဆယ်နာရီကျော်အထိတော့ ဆက်သွယ်လို့မရသေးဘူး။ ကြိုးစားပြီး သက်ဆိုင်ရာနဲ့ ပူးပေါင်းချိတ်ဆက်နေပါတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
သေဆုံးသူ ကလေးရဲ့ ရုပ်အလောင်းကို သေချာထုပ်ပိုးကောက်ယူပြီး ရှင်သန်ခွင့် လူမှုကူညီရေးအသင်းကားနဲ့ပဲ မေဓာဝီ ဆေးရုံကြီးဆီ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။




