
MT News
၂၃. ၅. ၂၀၂၅
ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့က YBS ပေါ်တွင် သားအဖနှစ်ယောက်ထံမှ ဖုန်းကို ခါးပိုက်နှိုက်ပြီးနောက် ခါးပိုက်နှိုက်သည်ကို သိရှိလိုက်သည့် သားအဖနှစ်ယောက်အား ဝိုင်းရိုက်သည့် ခါးပိုက်နှိုက်များအနက် ငါးဦးကို ဖမ်းမိလိုက်ပြီဖြစ်သည်။
ဖြစ်စဥ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်နေ ဦးစောလယ်ထူးကျော် (၄၅)နှစ်၊ (ဘ)ဦးကျော်မြင့်သည် သားဖြစ်သူ မောင်ခန့်ထယ်ရိုးစေးထူး (၁၉)နှစ်နှင့်အတူ မေလ ၁၉ ရက် နံနက် ၈ နာရီတွင် လမ်းမတော်မြို့နယ်၊ ဝါးတန်းလမ်း မှတ်တိုင်မှ YBS-58 ခရီးသည် တင်ယာဉ်ဖြင့် လိုက်ပါလာခဲ့ရာ ပန်းဘဲတန်းမြို့နယ်၊ လမ်း(၃၀) အရောက်၌ ဦးစောလယ်ထူးကျော်၏ ရင်ဘက်၌ထားကာ လွယ်ထားသည့် ကျောပိုးအိတ်အတွင်းသို့ အသက်(၃၅)နှစ်ခန့် အမျိုးသားတစ်ဦး (စိစစ်ဆဲ)က ခါးပိုက်နှိုက်နေသည်ကိုတွေ့ရှိရသဖြင့် ဦးစောလယ်ထူးကျော်က တွန်းလိုက်ရာမှ အချင်းများကြပြီး ၎င်းအမျိုးသားနှင့် အပေါင်းအပါ ၅ ဦးခန့်က ဦးစောလယ်ထူးကျော်နှင့် ၎င်း၏ သားဖြစ်သူတို့ ၂ ဦးအား ဝိုင်းဝန်းထိုးကြိတ်ခဲ့သည်။

ထို့နောက် ကျောက်တံတားမြို့နယ်၊ ကမ်းနားလမ်း၊ ပန်းဆိုးတန်းမှတ်တိုင်အရောက်၌ အဆိုပါအမျိုးသား ငါးဦးခန့်က ဦးစောလယ်ထူးကျော်နှင့် သားဖြစ်သူတို့အား ယာဉ်ပေါ်မှဆွဲချ၍ ဝိုင်းဝန်းထိုးကြိတ်ကန်ကျောက်ကာ ဦးစောလယ်ထူးကျော်၏ ဘောင်းဘီအိတ်အတွင်းမှ Redmi 9A အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံးအား လုယက်ယူဆောင်သွားခဲ့သဖြင့် ၎င်းတို့ ၂ ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း တိုင်တန်းချက်အရ ကျောက်တံတားမြို့မရဲစခန်း(ပ)၅၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(နှိုက်)/၃၂၃/၁၁၄ ဖြင့် အမှုရေးဖွင့်ကာ ကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထံမှ သိရှိရသည်။

ဖြစ်စဉ်တွင် အုပ်စုဖွဲ့ခါးပိုက်နှိုက်ကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ခဲ့ရာ ကြည့်မြင်တိုင်မြို့နယ်အတွင်း နေထိုင်သော ယခင် ခါးပိုက်နှိုက်မှုဖြင့် ပြစ်ချက်ဟောင်းရှိသူများဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်စဉ် ကြည့်မြင်တိုင်မြို့နယ်၊ ဦးမြရပ်ကွက်နေသူများဖြစ်သည့် အောင်ကိုလတ် (၄၂)နှစ်၊(ဘ) ဦးဝင်းမြင့်၊ ဝေဖြိုးအောင်(ခ) ဝေဖြိုး (၃၀)နှစ်၊ (ဘ) ဦးတင်စိုး၊ ပြည့်ဖြိုးထွေး(ခ) ပိစိ(၂၂)နှစ် (ဘ)ဦးသန့်ဇော်ထွေး၊ ဇော်ဇော်လွင် (ခ) ဘိုဘို(၃၃)နှစ် (ဘ)ဦးကြည်လွင်၊ ကျော်နိုင်ဦး (ခ) ကျန်ကျောင်း (၂၇)နှစ်၊(ဘ)ဦးလှဦးတို့ ၅ ဦးအား မေ ၂၁ ရက် ညနေ ၄ နာရီခန့်တွင် ၎င်းတို့၏ နေအိမ်အသီးသီး၌ ဖမ်းဆီးရမိခဲ့ပြီး ဖြစ်စဉ်တွင် ခါးပိုက်နှိုက်မှုကျူးလွန်ခဲ့သူ ကြည့်မြင်တိုင်မြို့နယ်၊ ဦးမြရပ်ကွက်နေ အောင်မိုး(ခ) လှမြိုင်(ခ) တည်ကြီးမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရှိရသည်။
