
၂၃.၅.၂၀၂၅
Written by Hey Mar
ဆေးထိုးအပ်ပိုက်တန်းလန်းနဲ့ မူးယစ်ဆေးအလွန်အကျွံဖြစ်ကာ သေဆုံးနေသူတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့က မေလ ၂၂ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က စစ်ကိုင်းမြို့၊ ပုဂံရပ်၊ စားတော်လေးဘုရားအနီးကနေ သွားရောက်သယ်ဆောင်ပေးခဲ့ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ အိုးဘို လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ဘုရားဘေးဇရပ်အတွင်း လူတစ်ဦး ထိုင်လျှက်ကနေ ခေါင်းထိုးစိုက် လဲကျ သေဆုံးနေကြောင်း လူမှုကူညီ ရေးအသင်းထံ ဖုန်းဖြင့်ဆက်သွယ် အကူအညီတောင်းမှုအရ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အတူ သွားရောက်ပူးပေါင်းကူညီရာ စစ်ကိုင်းမြို့ ပုဂံရပ်စားတော်လေးဘုရားအနီးလက်ကောက်ဝတ်အကြောအတွင်း အပ်ထိုးသွင်းလျက်တန်းလန်းနဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး ဆေးလွန်ကာ သေဆုံးနေတာလို့ သိရပါတယ်။

အဆိုပါသေဆုံးလူနာကို သက်ဆိုင်ရာလုပ်ငန်းစဉ်တွေ ဆက်လက်ဆောင်ရွက်ဖို့ စစ်ကိုင်းပြည်သူ့ဆေးရုံကြီးဆီ အိုးဘို Recuse အသင်းကားနဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
“သူ့ခြေထောက် တင်ပျဉ်ခွေ ထိုင်နေတာကို ဖြောင့်ယူရတာပေါ့။ အလောင်းက သိပ်မတောင့်သေးတော့ သေဆုံးပြီး နာရီပိုင်းအတွင်းပဲရှိမယ်။ ပိုင်ရှင်မပေါ်သေးဘူး။ အခုထိ ပိုင်ရှင်မဲ့။ ရင်ခွဲရုံမှာပါ” လို့ အိုးဘို လူမှုကူညီရေးအသင်းက MT News ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
