
၂၃.၅.၂၀၂၅.
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကြားဖြတ်အစိုးရအဖွဲ့ အကြီးအကဲ ပါမောက္ခ ယူနွတ်စ်ဟာ နိုင်ငံရေးပါတီတွေအနေနဲ့ ဘုံသဘောထားတစ်ခုရရှိဖို့ မစွမ်းဆောင်နိုင်ခဲ့ကြလို့ လုပ်ကိုင်ရတာ ခက်ခဲလာတဲ့အတွက် ရာထူးမှ နုတ်ထွက်ဖို့စဉ်းစားနေတယ်လို့ ဘီဘီစီ သတင်းဌာနက ကျောင်းသားတွေခေါင်းဆောင်တဲ့ National Citizen Party အကြီးအကဲ နာဟစ် အစ္စလမ်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး မေလ ၂၂ ရက်က သတင်းဖော်ပြခဲ့ပါတယ်။
နာဟစ် အစ္စလမ်က” ဒီမနက်ကစပြီး ယူနွတ်စ် ရာထူးကထွက်မယ်ဆိုတဲ့ သတင်းကို ကျွန်တော်တို့ ကြားနေရတယ်။ ဒါကြောင်ု ကျွန်တော် သူနဲ့ဒီကိစ္စဆွေးနွေးဖို့သွားခဲ့ပါတယ်။ သူကတော့ ဒီအတွက်စဉ်းစားနေတယ်လို့ ပြောခဲ့ပါတယ်။ သူက နိုင်ငံရေးအခြေအနေက ဆက်လက်လုပ်ကိုင်ဖို့ခဲယဉ်းတယ်လို့ ခံစားနေရတာပါ” လို့ ဘီဘီစီကို ပြောခဲ့ပါတယ်။
ဒါ့ပြင် နာဟစ်က အကြံပေးအရာရှိချုပ် ယူနွတ်စ်ဟာ နိုင်ငံရေးပါတီတွေအနေနဲ့ ဘုံသဘောထား တစ်ခုရရှိဖို့တောင် မစွမ်းဆောင်နိုင်ခဲ့ကြလို့ သူ့မှာ အလုပ်လုပ်ရတာ အင်မတန်ခက်ခဲတယ်လို့ပြောရင်း လက်ရှိအခြေအနေမှာ သူ့အနေနဲ့ နိုင်ငံအတွက် ဆောင်ရွက်မှုမပြုနိုင်မှာစိုးရိမ်တယ်လို့လည်း ပြောခဲ့တယ်လို့ဆိုပါတယ်။
ဖေဖော်ဝါရီလတွင်းက ယူနွတ်စ်ရဲ့ ကောင်းချီးပေးမှုတွေနဲ့အတူပေါ်ထွက်လာတဲ့ National Citizen Party ပါတီအကြီးအကဲ နာဟစ် အစ္စလမ်က သူ့အနေနဲ့ နိုင်ငံရဲ့ လုံခြုံရေးနဲ့အနာဂတ်အလို့ငှာ ခိုင်ခိုင်မာမာရပ်တည်ကြဖို့နဲ့ လူထုအုံကြွမှုရဲ့မျှော်လင့်ချက်တွေကို ပြည့်မီဖို့ သူက ယူနွတ်စ်ကို ပြောခဲ့တယ်လို့ ဆိုခဲ့ပါတယ်။
ဒါ့ပြင် နိုင်ငံရေးပါတီတွေအနေနဲ့ ယူနွတ်စ်နဲ့အတူ စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မယ်။ အားလုံး ပေါင်းစည်းဆောင်ရွက်ကြမယ်လို့ သူမျှော်လင့်တယ်ဆိုတာ နာဟစ်က ယူနွတ်စ်ကို ပြောခဲ့ပါသေးတယ်။
ဒါပေမယ့် နာဟစ်က “ယူနွတ်စ်အနေနဲ့ သူရှေ့ဆက်အလုပ်မလုပ်နိုင်တော့ဘူးထင်ရင်တော့ ဒီနေရာမှာ ဘာလို့ဆက်နေမှာလဲ။ တကယ်လို့သာ နိုင်ငံရေးပါတီတွေက သူ့ကို ထွက်စေချင်နေကြရင် ယုံကြည်အားထားမှုမရတဲ့၊ အာမခံချက်မရှိတဲ့ဒီနေရာမှာ ဘာလို့ဆက်နေမှာလဲ” လို့ ပြောခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်ရက်အတွင်း ယူနွတ်စ်အစိုးရဟာ ၂၀၂၅ ခုနှစ်က ကျောင်းသားလှုပ်ရှားမှုမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပေါင်းစည်းထားတဲ့ စစ်အင်အားတွေပါ၀င်တဲ့ အဓိက စိန်ခေါ်မှုတွေကို ကြုံခဲ့ရပါတယ်။
ဒီကျောင်းသားတွေရဲ့လှုပ်ရှားမှုက အရင်ဝန်ကြီးချုပ်ရှိတ်ဟာစီနာရဲ့ အာဏာရ အဝါမီပါတီအစိုးရကိုဖြုတ်ချနိုင်ခဲ့တာဖြစ်ပြီး ယူနွတ်စ်ကို အာဏာရစေခဲ့တာပါ။ အဲဒီလှုပ်ရှားမှု ဆန္ဒပြပွဲအတွင်းက ဆူပူအုံကြွမှုကို နှိမ်နင်းဖို့တောင်းဆိုခံရပေမယ့်လည်း ဆန္ဒပြသူတွေကိုအင်အားသုံးဖြိုခွဲမှုမပြုဖို့ ပိုလို့နှစ်သက်ခဲ့တာပါ။
ဒါ့ပြင် ဘင်္ဂလားဒေ့ရှ်စစ်တပ်က ဝန်ကြီးချုပ်ဟောင်းဟာစီနာကို အိန္ဒိယနိုင်ငံကို လုံခြုံစွာထွက်ပြေးနိုင်ဖို့ လေတပ်လေယာဉ်ကို အသုံးပြုပို့ဆောင်ပေးခဲ့ပေမယ့် ယူနွတ်စ်ကို အကြံပေးအရာရှိချုပ်အနေနဲ့ ဆန္ဒပြ ကျောင်းသားတွေတောင်းဆိုမှုအတိုင်း နေရာပေးဆောင်ရွက်ခဲ့တာပါ။
Ref. Rediff
