၂၂.၅.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ခေါဆန်နယ်မြေမှာ ဥပဒေနဲမညီ လမ်းဘေးအစားအစာရောင်းချတဲ့ အလုပ်ကိုလုပ်ကိုင်နေတဲ့ တူရကီနိုင်ငံသားတစ်ဦးနဲ့ မြန်မာနိုင်ငံသား ခုနစ်ဦးကို မေလ ၂၁ ရက်က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။ သူတို့က ပျားပန်းခတ်မျှ စည်ကားလှတဲ့ ခေါဆန်လမ်းနဲ့အနီးရှိ ရမ်ဘူတန်လမ်းတွေမှာ ရေခဲမုန့်တွေ ရောင်းချနေကြတာလို့ သိရပါတယ်။
ခုလိုဥပဒေနဲ့မညီ အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေကိုဖမ်းဖို့ စစ်ဆင်ရေးကို လူဝင်မှုကြီးကြပ်ရေး တိုင်း (၁) နဲ့ ချာနာဆွမ်ခရမ်ရဲစခန်းတို့က အရာရှိတွေ ပါဝင်လုပ်ဆောင်ခဲ့ကြတာပါ။ ဒါက ဘန်ကောက်မြို့ရဲ့ ကမ္ဘာလှည့်ခရီးသွားတွေ အဓိကလာရောက်တဲ့ခရိုင်တွေမှာ နိုင်ငံခြားသားတွေက ဥပဒေနဲ့မညီ အလုပ်လုပ်ကိုင်နေကြတာကို အာဏာသုံးနှိမ်နင်းမှုရဲ့ တစ်စိတ်တစ်ပိုင်းလို့လည်း ဆိုရမှာပါ။
ထိုင်းတာဝန်ရှိသူတွေက လူဝင်မှုကြီးကြပ်ရေးနဲ့ အလုပ်သမားဥပဒေတွေကို ချိုးဖောက်တယ်လို့ သံသယရှိရတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဈေးသည်တွေသာမက လူကုန်ကူးမှုနဲ့ နိုင်ငံခြားအလုပ်သမားတွေကို ခေါင်းပုံဖြတ်အမြတ်ထုတ်နေမှုတို့နဲ့ဆက်စပ်နေတဲလှုပ်ရှားမှုတွေကိုပါ အလေးထားအရေးယူဆောင်ရွက်နေတာလို့ သိရပါတယ်။
ရဲတပ်ဖွဲ့က နိုင်ငံခြားသားတွေကို လမ်းပေါ်မှာ ဒါမှမဟုတ် ကုန်တိုက်မျက်နှာစာတွေမှာ ချပါတီ၊ ဟင်းလျာတွေအမျိုးမျိုး၊ ရေခဲမုန်၊ အသီးဖျော်ရည်စတာတွေနဲ့ အလားတူအစားအစာတွေကို အများအပြားရောင်းချလာနေကြတယ်လို့ ပြောခဲ့ပါတယ်။
ဖမ်းဆီးမိခဲ့တဲ့ မြန်မာနိုင်ငံသားခုနစ်ဦးအနက် လေးဦးဟာ နိုင်ငံကူးလက်မှတ်တွေကိုင်ဆောင်ထားတာလည်းမရှိဘဲ ထိုင်းနိုင်ံတွင်း တရားမဝင်ပြောင်းရွှေ့နေထိုင်သူတွေလို့ ယုံကြည်ရပါတယ်။ သူတို့က ထိုင်းနိုင်ငံအတွင်း ဥပဒေနဲ့မညီဝင်ရောက်မှု ဒါမှမဟုတ် ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်နေမှုတို့နဲ့ တရားစွဲခံရမှာပါ။
အခြားသုံးဦးကလည်း အရင်က အစိုးရအဖွဲ့ရဲ့ ထိုင်းနိုင်ငံအတွင်းနေထိုင်ဖို့ အထူးခွင့်ပြုချက်နဲ့ နေထိုင်ကြတာပါ။ ဒါပေမယ့် သူတို့က အလုပ်ကာလနဲ့ညီမျှတဲ့သက်တမ်းတိုးရန် ပျက်ကွက်ခဲ့ကြပြီး နိုင်ငံအတွင်း တရားမဝင်ရက်လွန်နေထိုင်မှု စွဲချက်နဲ့လည်း တရားစွဲခံရမှာပါ။ တူရကီနိုင်ငံသားကလည်း ခရီးသွားပြည်ဝင်ခွင့်ဗီဇာနဲ့ ဥပဒေနဲ့မညီ အလုပ်လုပ်ကိုင်နေလို့အရေးယူခံရမှာပါ။
နိုင်ငံခြားသားရှစ်ဦးစလုံးကို လက်ရှိ ဖမ်းဆီးထားပြီး သက်ဆိုင်ရာအာဏာပိုင်အဖွဲ့တွေထံ ဥပဒေကြောင်းအရ အရေးယူနိုင်ဖို့ လွှဲပေးခဲ့တယ်လို့ သိရပါတယ်။
Ref -Bangkok Post
