
၂၂. ၅. ၂၀၂၅
Written by Nyein Kyaw
တိုက်ကြီးမွေးမြူရေးဇုန်ကို ဒေသတွင်းသာမက Export ဆောင်ရွက်နိုင်သည့်အထိ စီမံချက်များချမှတ်ပြီး အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယမန်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်ဆဲ တိုက်ကြီးမွေးမြူရေးဇုန်နှင့် တိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုး/ မွေးမြူရေးစခန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် မှာကြားခဲ့သည်။
လူဦးရေ ၇ ဒသမ ၃ သန်းကျော်ရှိသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား စားရေရိက္ခာ ဖူလုံစေရန်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဇုန်အလိုက် စနစ်တကျ တိုးချဲ့ဆောင်ရွက်ရန် SAC ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လမ်းညွှန်မှာကြားထားခြင်းဖြစ်သည်။

ထို့ကြောင့် တိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်သည့် စားသောက်ကုန်ပစ္စည်းများ မိမိဒေသအတွင်းရှိ ပြည်သူများအတွက် စားကုန်၊ သောက်ကုန်နှင့် လူသုံးကုန်များ ဖူလုံမှုရှိစေရန် ယခုတိုက်ကြီးမွေးမြူရေးဇုန်ကို ဒေသတွင်းသာမက Export ဆောင်ရွက်နိုင်သည်အထိမျှော်မှန်း၍ အပိုင်းလိုက်၊ နှစ်အလိုက် စီမံချက်များချမှတ်၍ စနစ်တကျအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
တိုက်ကြီးမွေးမြူရေးဇုန်အတွင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရင်းနှီးမ,တည်ငွေများ လိုအပ်ပါကလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အရင်းမပျောက်မ,တည်ငွေ၊ MSME ချေးငွေများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို ချေးယူရရှိနိုင်ပြီး သတ်မှတ်ကာလအတွင်း မှန်မှန်ကန်ကန် ပြန်လည်ပေးဆပ်ရန်လိုကြောင်းနှင့် တိုက်ကြီးမွေးမြူရေးဇုန်ကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည်အထိ တိုးတက်အောင်မြင်စေရေး အားလုံးက ဝိုင်းဝန်းကြိုးပမ်းသွားကြစေလိုကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
အဆိုပါ တိုက်ကြီးမွေးမြူရေးဇုန်ကို SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်ချက်ဖြင့် မြေဧက ၂၁၀၁ ဒသမ ၀၄ ဧကပေါ်တွင် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၃ ရက်မှစတင်ကာ မွေးမြူရေးလုပ်ငန်းများကို အပိုင်းအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။

ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် မြေပြင်အသေးစိတ်တိုင်းတာခြင်း၊ လမ်းဖောက်လုပ်ခြင်း၊ လုပ်ကွက်များသတ်မှတ်ပေးခြင်း၊ ရေအရင်းအမြစ်ရရှိရေးလုပ်ငန်းနှင့် လျှပ်စစ်မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီး လက်ရှိအခြေအနေတွင် မွေးမြူရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်သည်။
တိုက်ကြီးမွေးမြူရေးဇုန်အတွင်း လုပ်ငန်းရှင်များက အသားစား ကျွဲ၊ ဆိတ်၊ သိုး၊ ဝက်၊ အသားစားကြက်၊ ဥစားကြက်၊ နို့စားနွား၊ အသားစားနွား၊ ဘဲ၊ မျိုးဘဲမ၊ ငုံး၊ ငန်း၊ ငါးနှင့် ဇီဝဇိုးငှက် မွေးမြူရေးလုပ်ငန်းများအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
