
၂၁. ၅. ၂၀၂၅
Translated by Thettant
ပြီးခဲ့သည့်သီတင်းပတ် မေလ ၁၄ ရက်က ဆူမတြာကမ်းလွန်တွင် အင်ဒိုနီးရှားရေတပ်က ကြားဖြတ်ဖမ်းဆီးရမိခဲ့သော ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၄၂၈ သန်း (ထိုင်းဘတ် ၁၄ ဘီလျံ) တန်ဖိုးရှိသော တန်ချိန်နှစ်တန်နီးပါးရှိ မူးယစ်ဆေးဝါးများတင်ဆောင်လာသည့် သင်္ဘောတစ်စင်းသည် ထိုင်းအလံကို လွှင့်ထူထားသော်လည်း ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိကြောင်း ထိုင်းရေကြောင်းအာဏာပိုင်အဖွဲ့ (Thai-MECC) က ပြောကြားခဲ့သည်။
ယမန်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အစိုးရပြောရေးဆိုခွင့်ရှိသူ ဂျီရာယု ဟောင်ဆဘ်က ထိုင်းဝန်ကြီးချုပ်ပေတုံတန် ရှင်နာဝပ်ထရာအား ထိုင်းအလံတင်ထားသော မြန်မာအမည် Aung Toe Toe 99 သင်္ဘောဖြင့် မူးယစ်ဆေးမှောင်ခိုကုန်ကူးရန် ကြိုးပမ်းမှုအကြောင်းကို Thai-MECC ၏ ညွှန်ကြားရေးမှူးက အသိပေးပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အတူ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျီရပေါ် ဝေါင်ဝစ်နှင့် Thai-MECC ပြောရေးဆိုခွင့်ရှိသူ ချမ်ပေါလ် နက်ခ်ဘွာတို့၏ ပြောကြားချက်အရ ရီအိုးကျွန်းစုများအနီးတွင် စိတ်ကြွရူးသွပ်ဆေးပြား (Crystal meth) နှင့် ကိုကင်းအမြောက်အမြားနှင့်အတူ ကြားဖြတ်ဖမ်းဆီးရမိစဉ်က ထိုသင်္ဘောသည် ထိုင်းအလံကို လွှင့်ထူထားခဲ့သည် ဆိုကာ အင်ဒိုနီးရှားမီဒီယာများ၏ ကနဦးသတင်းများက ထိုသင်္ဘောသည် ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားကြောင်း ဖော်ပြခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုသင်္ဘော၏ ကပ္ပတိန်မှာ ထိုင်းနိုင်ငံသားဖြစ်ပြီး မြန်မာနိုင်ငံသား လေးဦးက အမှုထမ်းများအဖြစ် ကူညီဆောင်ရွက်ခဲ့သောကြောင့်ဖြစ်သည်။

အင်ဒိုနီးရှားရေတပ်က ဖမ်းဆီးရမိပြီးနောက် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖမ်းမိ သင်္ဘောနှင့် အမှုထမ်းများကို တန်ဂျွန်ဘာလေးကာရီမွန်ကျွန်းစုမြို့အနီးရှိ ရေတပ်အခြေစိုက်စခန်းသို့ ချက်ချင်းခေါ်ဆောင်သွားခဲ့ကြောင်း ဖော်ပြခဲ့သည်။ ဖမ်းဆီးစဉ်က အမှုထမ်း ငါးဦးအနက် မည်သူမျှ သက်သေခံစာရွက်စာတမ်းများ မရှိခဲ့ဟုလည်း ဆိုသည်။
သို့သော် ဂျီရာယုက Thai-MECC မှ စုံစမ်းစစ်ဆေးသူများသည် ထိုင်းနိုင်ငံ၏ ငါးဖမ်းသင်္ဘောဒေတာဘေ့စ်တွင် Aung Toe Toe 99 အမည်ရှိ သင်္ဘောကို ရှာမတွေ့ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့် သင်္ဘောကို မည်သည့်နေရာတွင် တရားဝင်မှတ်ပုံတင်ထားသည်ကို အတည်ပြုရန် ပြည်တွင်းနှင့် နိုင်ငံတကာ သင်္ဘောအာဏာပိုင်များနှင့် Thai-MECC က ပူးပေါင်းဆောင်ရွက်နေသည်ဟု ၎င်းက ဆိုသည်။ ထိုင်းစစ်တပ်၏ ထောက်လှမ်းရေးယူနစ်သည် အင်ဒိုနီးရှားရေတပ်စုံစမ်းစစ်ဆေးသူများက ပေးလာခဲ့သည့် ကပ္ပတိန်၏အမည် Bowporn Kingkaew ကိုလည်း နိုင်ငံတော်မှတ်ပုံတင်စာရင်းတွင် အမည် ရှာမတွေ့သောကြောင့် ကပ္ပတိန်၏ အမည်ကိုလည်း အတည်ပြုရန် လုပ်ဆောင်နေသည်ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် ဂျီရာယုက အင်ဒိုနီးရှားဘာသာပြန်သူတစ်ဦး၏ အစီရင်ခံစာကို ကိုးကား၍ Aung Toe Toe 99 ကပ္ပတိန်က မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သော်လည်း ရနောင်းတွင် အတော်အတန်ကြာအောင် နေထိုင်ခဲ့ပြီး ထိုင်းနှင့် မြန်မာ နှစ်မျိုးလုံး၏ မှတ်ပုံတင်ကတ်များ ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့အတွက် ဂျကာတာရှိ ထိုင်းတော်ဝင်သံရုံးသည် ဖမ်းမိ Aung Toe Toe 99 ကပ္ပတိန်၏ နိုင်ငံသားဖြစ်မှုကို အတည်ပြုရန် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
Ref Bangkok Post
