
၁၉.၅.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုရဲ့ ၄၆ ကြိမ်မြောက်သမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂျိုးဘိုင်ဒန်မှာ အရိုးတွေအထိ ကင်ဆာဆဲလ်တွေပျံ့နှံ့နေတဲ့ ပြင်းထန်တဲ့ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနေတာကို စမ်းသပ်တွေ့ရှိရတယ်လို့ သူ့ရဲ့ ရုံးက မေလ ၁၈ ရက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ကင်ဆာရောဂါဖြစ်ပွားမှုမှာ တစ်ရှုးနမူနာတွေကို မိုက်ကရိုစကုတ်နဲ့ စမ်းသပ်လေ့လာပြီးနောက် ရောဂါဖြစ်ပွားမှုကို ဆေးပညာအရ Gleason score လို့ခေါ်တဲ့ ကင်ဆာရောဂါဖြစ်ပွားမှု အဆင့်သတ်မှတ်ရာမှာ ဂျိုးဘိုင်ဒန်မှာဖြစ်ပွားနေတဲ့ဆီးကျိတ်ကင်ဆာက Gleason score ၉ အထိရှိတယ်လို့ ကြေညာချက်က ဆိုပါတယ်။ ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုမှာ Gleason score ၁ မှ ၅ အထိကို အဆင့်နိမ့်ကင်ဆာလို့သတ်မှတ်ကြပြီး အရိုးကို ရောဂါပျံ့နှံ့ ဖြစ်ပွားနိုင်ခြေနည်းပါတယ်။ အဆင့် ၆ မှ ၁၀ အထိကိုတော့ ပြင်းထန်တဲ့ရောဂါဖြစ်ပွားမှုလို့ ရောဂါဗေဒပညာရှင်တွေကဆိုပါတယ်။
အသက် ၈၂ နှစ် ရှိပြီဖြစ်တဲ့ သမ္မတဟောင်းနဲ့ သူ့ရဲ့မိသားစုကတော့ သမားတော်တွေနဲ့ ရောဂါအတွက် ကုသမှုဆိုင်ရာ ရွေးချယ်မှုတွေကို ပြန်လည်သုံးသပ်နေပါတယ်။
လက်ရှိသမ္မတ ဒေါ်နယ်ထရန့်နဲ့ဇနီး မီလာနီယာ ထရန့်တို့က သမ္မတဟောင်းဂျိုးဘိုင်ဒန်မှာ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနေကြောင်းသိရ၍ စိတ်မကောင်းဖြစ်မိတယ်လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ဂျိုးဘိုင်ဒန်ရဲ့သားဖြစ်တဲ့ ဗျူဘိုင်ဒန်ဟာလည်း အသက် ၄၆ နှစ်မှာ ဦးနှောက်ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ။ ဂျိုးဘိုင်ဒန်ကိုယ်တိုင်လည်း လွန်ခဲ့တဲ့နှစ်နှစ်က အရေပြားကင်ဆာရောဂါနဲ့ ကုသမှု ခံယူခဲ့သေးတာပါ။ အဲဒီတုံးက ဆိုးရွားတဲ့ ကင်ဆာ ဖြစ်လာနိုင်ခြေရှိတဲ့ တစ်ရှုးတွေကို ဂျိုးဘိုင်ဒန် ရင်ဘတ်ကနေ ဖယ်ရှားခဲ့ရပါသေးတယ်။
ဆီးကျိတ်ကင်ဆာဟာ အမျိုးသားတွေမှာ အရေပြားကင်ဆာပြီးရင် ဒုတိယ အဖြစ်များဆုံး ကင်ဆာဖြစ်တယ်လို့ Cleveland Clinic ဆေးခန်းမှ သိရပါတယ်။ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာနရဲ့ လေ့လာချက်ကလည်း အမျိုးသား အယောက် ၁၀၀ မှာ ၁၃ ယောက်ဟာ သူတို့ရဲ့ ဘဝတစ်ချိန်ချိန်မှာ ဆီးကျိတ်ကင်ဆာ ဖြစ်လာနိုင်တယ်လို့ ဆိုထားပါတယ်။ အမျိုးသားများမှာ အသက်ကြီးလေ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေပိုများလေဖြစ်တယ်လို့ လေ့လာချက်ကဆိုပါတယ်။
Ref- CBS