



၁၂. ၅. ၂၀၂၅
Written by Nay Moe
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က NUG လက်အောက်ခံ PDF ရွာဖြစ်နေတဲ့ လယ်မကျေးရွာကို စစ်ကြောင်းထိုး နယ်မြေရှင်းလင်းမှုမှာ ၁၁ ဦး အသေမိပြီး ၁၀ ဦးခန့်ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော်နဲ့ နီးစပ်သူတွေနဲ့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
ဒီနေ့ မေလ ၁၂ရက် နံနက် ၂ နာရီခန့်မှာ ဂန့်ဂေါမြို့အခြေစိုက် ခလရ (၅၀) က စစ်ကြောင်းဟာ ပြည်သူတွေသတင်းပို့မှုအရ လယ်မကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက် ရှင်းလင်းခဲ့တာပါ။
PDF တွေ ကြီးစိုးထားတဲ့ရွာတွေမှာ PDF ထဲ၊ ကျေးရွာကာကွယ်ရေးအဖွဲ့ထဲ မဝင်သူတွေဟာ “သူလျှို၊ ဒလန်” အမည်တပ်ပြီး သတ်ဖြတ်ခံရတာကြောင့် ရွာမှာကျန်တဲ့ လူငယ်တွေဟာ အသက်မပြည့်တဲ့ ဆယ်ကျော်သက်လူငယ်ကအစ NUG ရဲ့ ပကဖ၊ ပအဖ၊ ပလဖ စတဲ့ ပသုံးလုံးထဲ ဝင်ရမှုအပြင် ကျေးရွာကာကွယ်ရေးအဖွဲ့ထဲလည်း ဝင်ရပြီး ပုံစံမျိုးစုံနဲ့ လက်နက်ကိုင်ရတာကြောင့် ဒီစစ်ကြောင်းထိုး နယ်မြေရှင်းလင်းမှုမှာ မှိုင်းဝေ၊ သျှန်ထွန်း၊ သီဟလင်း၊ မျိုးသီဟ၊ ကျော်စန်းခိုင်၊ သက်ပိုင်ဦး၊ အောင်ကြည်မင်း၊ နေလင်းဦး၊ ညီလေး၊ ဂျွန်ဂိုဝင်း၊ ကျော်မြတ်သူ ဆိုတဲ့ ၁၂ နှစ်ကနေ ၃၉ နှစ်ကြား PDF ၁၁ ဦး သေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။

ဒါ့အပြင် PDF နဲ့ ဆက်နွှယ်တယ်လို့ သံသယရှိသူ ၂၀ ဦးကျော်ကို စစ်ဆေးအပြီးမှာ ၁၀ ဦးခန့်ကို ဆက်လက် ဖမ်းမိခဲ့ပြီး ဒီစီးနင်းမှုအတွင်းမှာ သေနတ် ၁၇ လက်နဲ့ တိုက်ပွဲသုံးဆက်စပ်ပစ္စည်းတွေ ဖမ်းမိတယ်လို့လည်း ဂန့်ဂေါဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။
တပ်မတော်နဲ့နီးစပ်တဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ မေလ ၁၂ ရက် နံနက် ၄ နာရီ ၃၅ မိနစ်ခန့်အချိန်က ဂန့်ဂေါမြို့နယ်၊ လယ်မကျေးရွာကို ပြည်သူတွေရဲ့ တိတိကျကျသတင်းပေးမှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းချိန် PDF ကျား ၁၃ လောင်း၊လက်လုပ်သေနတ် ၁၄ လက်၊ M-22 ၁ လက်၊ ဘီအေ-၇၂ ၁ လက်၊ ၁၂ ဗို့သေနတ် ၁ လက်၊ အိုင်ကွန် ၆ လုံး၊ ကျည်အိမ် ၃ ခု၊ ကျည်မျိုးစုံ ၆၀ ခန့် ဖမ်းမိခဲ့တယ်လို့ ဖော်ပြနေတာ တွေ့ရပါတယ်။
Photo – Ko Thet
