




၁၁.၅.၂၀၂၅
Written by Hey Mar
စစ်ကိုင်းချောင်ကို ငလျင်ဘေးအလှူအတွက် သွားရောက်လှူဒါန်းပြီး ပြန်လာတဲ့ ဟိုက်ဂျက်အမျိုးအစားယာဉ်တစ်စီး စစ်ကိုင်းတောင်ရိုး ပဲစားချောင်နဲ့ ပတ္တမြားစေတီအသွား တောင်တက်လမ်း တစ်နေရာမှာ နောက်ပြန်လိမ့်ပြီး ပြုတ်ကျလို့ ယာဉ်ပေါ်ပါ သီလရှင်ဆရာလေး သုံးပါးနဲ့ အမျိုးသမီးနှစ်ဦး ပြင်းထန်ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ပုဂံဒေသလူမှုကူညီကယ်ဆယ်ရေး အသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က မနေ့က မေလ ၁၀ ရက် ညနေ ၄ နာရီဝန်းကျင်ခန့်မှာဖြစ်ပွားခဲ့ပြီး ထိုင်ဝမ်မှ ဒါယိကာမတစ်ဦးက လှူဒါန်းတဲ့ အလှူပစ္စည်းတွေကို လမ်းကျဉ်းကာ သွားလာရခက်ခဲပြီး အလှူရှင်အရောက်အပေါက်နည်းတဲ့ ချောင်တွေက ဆရာလေးကျောင်းတွေဆီ သွားရောက်လှူဒါန်းတဲ့ယာဉ်လို့လည်း သိရပါတယ်။
အဆိုပါယာဉ်ကို လူငယ်အမျိုးသမီးတစ်ဦးမောင်းနှင်လာရင်း လမ်းမကျွမ်းကျင်တာလည်းပါတာကြောင့် အခုလို ဖြစ်ပွားခဲ့တာလို့လည်း လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ပုဂံဒေသလူမှုကူညီကယ်ဆယ်ရေး အသင်း တာဝန်ရှိသူက “ကံကောင်းတာက လှူပြီးအပြန်ဆိုတော့ ကားပေါ်ပစ္စည်းဝိတ်မပါတော့လို့။ အတက်လမ်းက အတော်မတ်တယ်။ နောက်ပြန်လိမ့်ပြီး လမ်းဘေးချောက်ထဲကျတဲ့အရှိန်နဲ့ လူတွေတော့ အတော်ထိသွားတာပေါ့။ နံရိုးငါးချောင်းကျိုးတဲ့ မိန်းကလေးဆို မနေ့ကတည်းက မန္တလေးကို လွှဲထားတယ်။ အခြေအနေက အနီရောင်အဆင့်ပါ” လို့ MT News ကို ပြောပါတယ်။
အဆိုပါယာဉ်မတော်တဆမှုကြောင့် အသက် နှစ်ဆယ်ကျော် အမျိုးသမီးတစ်ဦး နံရိုးငါးချောင်းကျိုး ဒဏ်ရာ (စိုးရိမ်ရ) ၊ အသက်သုံးဆယ်ဝန်းကျင်အမျိုးသမီးတစ်ဦး ခါးရိုးကျိုးဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ပြီး အသက် နှစ်ဆယ်ဝန်းကျင် သီလရှင်ဆရာလေး သုံးပါးအနက် နှစ်ပါးမှာ မပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာ တွေရရှိခဲ့ပြီး တစ်
တစ်ပါးကတော့ ပွန်းပဲ့ ဒဏ်ရာလောက်သာရရှိတယ်လို့လည်း သိရပါတယ်။
လူနာတွေကို အခင်းဖြစ်ပွားရာနေရာကနေ လိုအပ်တဲ့ ရှေးဦးပြုစုခြင်းတွေ အရေးပေါ်လုပ်ဆောင်ပေးပြီး စစ်ကိုင်းခရိုင်ပြည်သူ့ဆေးရုံကြီးဆီ ဝေဠုကျော်ဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးဖိုက်တာကွန်ယက်အဖွဲ့ ၊ လူမူအကျိုးပြုရေးအသင်း ၄ မြောက်ရပ်ကွက် (သာကေတ)နဲ့ ပုဂံဒေသလူမှုကူညီကယ်ဆယ်ရေးအသင်းတွေက အချိန်နဲ့တစ်ပြေးညီ ပို့ဆောင်ကူညီပေးခဲ့ကြကာ လမ်းဘေးချောက်ထဲ ပြုတ်ကျခဲ့တဲ့ ကားကိုတော့ မနေ့က အချိန်နာရီအခက်အခဲ့ကြောင့် ချက်ချင်း ပြန်လည်ဆယ်ယူနိုင်ခြင်း မရှိခဲ့ဘဲ ဒီနေ့ မေလ ၁၁ ရက် မနက်ပိုင်းအချိန်မှ သက်ဆိုင်ရာ ခရိုင်မီးသတ်အဖွဲ့တွေနဲ့ပူးပေါင်းကာ ပြန်လည်ဆယ်ယူပြီးခဲ့တယ်လို့ သိရပါတယ်။
