၅. ၁၀. ၂၀၂၂
Written by Naing Thuta

ကမ္ဘာ့ပထမဦးဆုံး ဝေရောစန ကျောက်စိမ်းစေတီတော်မြတ်ကြီးတွင် လာမည့် အောက်တိုဘာ ၉ ရက် သီတင်းကျွတ်လပြည့်ည၌ သတ္တမအကြိမ်မြောက် ဆီမီး (၇၀၀၀) ပူဇော်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆင်နွယ်ကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ မိုင်တိုင် ၃၆၁ အနောက်ဘက် ပေ ၆၀၀ ခန့်နှင့် စစ်ကိုင်း-မြစ်ငယ်ကားလမ်း၏ မိုင်တိုင် (၄/၇) တောင်ဘက် ပေ ၁၀၀၀ ခန့်အကွာတွင် တည်ထားကိုးကွယ်သည့် ကမ္ဘာ့ပထမဆုံး ဝေရောစနကျောက်စိမ်းစေတီတော်ဘုရားတွင် လာမည့် ၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ ၉ရက်) ညတွင် သတ္တမအကြိမ်မြောက် ဆီမီး (၇၀၀၀)ပူဇော်ပွဲအား ညနေ ၆ နာရီမှ ည ၉ နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကျောက်စိမ်းဘုရားဂေါပကအဖွဲ့ထံမှ သိရှိရသည်။

အဆိုပါ ပူဇော်ပွဲတွင် စေတီတော်မြတ်ကြီးထံ ကိုယ်တိုင်ကိုယ်ကျ လာရောက်ထွန်းညှိပူဇော်လိုသည့် ရပ်ဝေးရပ်နီးမှ ဘုရားဖူးများအတွက်လည်း ဆီမီးခွက်များကို ထားရှိပေးထားမည်ဖြစ်ပြီး ပါဝင်လှူဒါန်းလိုသူများအနေဖြင့်လည်း လပြည့်နေ့မတိုင်မီ ဘုရားဂေါပကအဖွဲ့ထံမှာလည်း ပါဝင်လှူဒါန်းနိုင်ကြောင်းနှင့် အဝင်မုခ်ဦးများ၊ ရင်ပြင်တော်များ၌ ကြာပန်းဆီမီးခွက်များဖြင့် စာလုံးတော်များပုံဖော်ပူဇော်သွားမည်ဟု ဘုရားဂေါပကအဝင်တစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။

အဆိုပါပွဲအား COVID-19 ကာလအတွင်း၌ ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းမရှိသည့်အတွက် ယခုလိုပြန်လည်ကျင်းပပြုလုပ်နိုင်သည်ကို ရဟန်းရှင်လူပြည်သူများ ပျော်ရွှင်ကြည်နူးနေသည်ဟုလည်း ဘုရားစျေးဆိုင်ခန်းရှင်တစ်ဦးက ပြောကြားသည်။

ဝေရောစနကျောက်စိမ်းစေတီကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်တွင် မြေသန့်မဟာမင်္ဂလာ ကျင်းပပြီး အဆင့်ဆင့် ဆောင်ရွက်ခဲ့ရာ ၂၀၁၅ခုနှစ်၊ ဇွန် ၅ ရက်တွင် ထီးတော်တင် မင်္ဂလာကို ကျင်းပပြုလုပ်ခဲ့ပြီး စေတီတော်ကြီးတွင် အရည်အသွေး စံချိန်မီ ကျောက်စိမ်း တန်ချိန် တစ်ထောင်ကျော်ကို အသုံးပြုခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News