၈.၅.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံအစိုးရအဖွဲ့ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဖွမ်သမ် ဝီချာရာချိုင်းက မေလ ၆ ရက်က မြန်မာ့တပ်မတော်(လေ) မှ ဂျက်တိုက်လေယာဉ်တစ်စင်း ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီပြည်နယ်အတွင်း မြန်မာနိုင်ငံနှင့် နယ်စပ်အနီးတွင် ပျံသန်းသွားခဲ့ခြင်းက ထိုင်းဝေဟင်ပိုင်နက်ကို ချိုးဖောက်ဝင်ရောက်မှုမရှိပါကြောင်း မေလ ၇ ရက်တွင် ပြောကြားခဲ့သည်ဟု သိရသည်။
ဒု-ဝန်ကြီးချုပ်ဖွမ်သမ်က လေယာဉ်မှာ နှစ်နိုင်ငံနယ်စပ်အနီး နီးကပ်စွာပျံသန်းသွားခဲ့ခြင်းသာဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်ဟု Bangkok Post သတင်းစာက ဖော်ပြခဲ့သည်။
ထို့ပြင် ဒု-ဝန်ကြီးချုပ်က ထိုကိစ္စမှာအချို့ပြောကြားနေသလို ထိုင်းနိုင်ငံဝေဟင်ပိုင်နက်အတွင်း ကျူးကျော်လာမှုလည်းမဟုတ်ကြောင်း၊ စစ်ဘက်လေ့ကျင့်ပျံသန်းမှုများအတွင်းဖြစ်တတ်သော သာမန်အသေးအဖွဲကိစ္စလေးတစ်ခုသာဖြစ်ကြောင်း၊ ထိုင်းတော်ဝင်လေတပ်က မြန်မာအာဏာပိုင်များထံ အကြောင်းကြားခဲ့ပြီး နောက်တွင်လည်း လေယာဉ်က ထိုဒေသမှ ပြန်လည်ပျံသန်းသွားခဲ့ကြောင်း သတင်းစာရှင်းပွဲတွင်ပြောကြားခဲ့သည်။
ကန်ချနာဘူရီပြည်နယ်၊ မောင်းခရိုင်၊ ဘန်ကောမြို့နယ်အတွင်း ဒေသခံများက F-16 တိုက်လေယာဉ်နှစ်စင်း ဖြတ်သန်းပျံသန်းသွားသည်ကို မေလ ၆ ရက်မွန်းလွဲပိုင်းက တွေ့ခဲ့ကြပြီးနောက် အထိတ်တလန့်ဖြစ်ခဲ့ကြသည်ဟု သတင်းများထွက်ပေါ်လာခဲ့သည်။
နောက်ပိုင်းသတင်းများအရ ဘန်ကောမြို့နယ်အတွင်းရှိ နယ်စပ်ဖြတ်လမ်းနှင့်တစ်ဖက် မြန်မာဘက်တွင်ရှိသော ဘန်သီကီ ကျေးရွာအနီးမြန်မာ့တပ်မတော်(လေ)မှ K-8 ဗုံးကြဲလေယာဉ်တစ်စင်းပျံသန်းနေခြင်းကိုထောက်လှမ်းရန် နာခွန်ဆွမ်ရှိ လေတပ်စခန်းမှပို့လွှတ်ခဲ့သော ထိုင်းလေတပ်၏ F-16 တိုက်လေယာဉ်နှစ်စင်းသာ ဖြစ်ကြောင်းလည်းသိရသည်။
Ref – Bangkok Post
